မိမိ၏ လုပ်နိုင်စွမ်းကို အမေရိကန်မှ ပရိသတ်များထံ ချပြရန် မစောင့်နိုင်အောင်ဖြစ်နေပြီဟု ဖန်ယုံနှင့် ထိုးသတ်မည့် ပွဲအပေါ် ရည်ညွှန်း၍ အောင်လအန်ဆန်ပြောကြာ:

ကချင်တိုင်းရင်းသား မြန်မာ MMA ကစားသမား အောင်လအန်ဆန်က တရုတ်ဖိုက်တာ ဖန်ယုံနှင့် ထိုးသတ်ရမည့်ပွဲနှင့် ပတ်သက်၍ မိမိ၏ လုပ်နိုင်စွမ်းကို အမေရိကန်မှ ပရိသတ်များထံ ချပြရန် မစောင့်နိုင်အောင်ဖြစ်နေပြီဟု South China Morning Post သတင်းစာသို့ ပြောကြားခဲ့သည်။

အောင်လအန်ဆန်က ”ကျွန်တော်က ဘယ်လောက် ခပ်ကြမ်းကြမ်းဖိုက်တာတစ်ယောက်လဲဆိုတာကို ပြသချင်နေပါပြီ။ အမေရိကန်က ကျွန်တော့်ရဲ့ ပရိသတ်တွေကို ကျွန်တော် ဘယ်လောက်လုပ်နိုင်စွမ်း ရှိတယ်ဆိုတာကို ချပြဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ ဒီမှာ(ဒန်ဗာ၊ အမေရိကန်) ကျွန်တော့်အတွက်  လေ့ကျင့်ဖော်အများကြီးရှိတယ်။ အဆုံးသတ်ပြင်ဆင်မှုအပိုင်းမှာ ကျွန်တော့်အတွက် အရမ်းလွယ်ကူတယ်။ ကျွန်တော်ရဲ့နေထိုင်မှုပုံစံကို ထိန်းညှိရာတာလည်း သိပ်မခက်ခဲဘူး။ ဥပမာပြောရရင်ဗျာ။ တရုတ်နိုင်ငံ၊ ဟင်ဖီမြို့မှာထိုးတုန်းကပေါ့။ ဘာသာစကားလည်း ခက်ခဲတယ်။ အစားအသောက်ကလည်း ကျွန်တော့်အတွက် အရမ်းခက်ခဲတယ်။ ဒါပေမဲ့ ပွဲကိုတော့ ကျွန်တော် လွယ်လွယ်ကူကူနဲ့ပဲ အနိုင်ယူကျော်ဖြတ်ခဲ့တယ်။( အောင်လအန်ဆန်သည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်အတွင်းက ဟင်ဖီမြို့တွင် ရုရှားဖိုက်တာ ဘူတိုရင်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒုတိယအချီတွင် ချုပ်ကွက်ဖြင့် အနိုင်ရခဲ့သည်)။  ဒီမှာ(အမေရိကန်) ကတော့ အားလုံးက ကျွန်တော့် မိသားစုဝင်တွေချည်းပဲ” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ONE Championship အဖွဲ့အစည်းသည် မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန် တွဲဆိုင်းပါဝင်သော ONE Fight Night-10  ပြိုင်ပွဲကို လာမည့် မေ(၅)ရက်တွင် အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်ရှိ ဘလွမ်ဖီးလ်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ONE Championship အနေဖြင့် အမေရိကန်နိုင်ငံတွင် ပထမဆုံးကျင်းပသည့် ပြိုင်ပွဲဖြစ်သောကြောင့် ကမ္ဘာ့ချန်ပီယံလုပွဲ(၃)ပွဲ အပါအဝင် စိန်ခေါ်ပွဲများကိုလည်း နာမည်ကြီးကစားသမားများ၏ ပွဲစဉ်များဖြင့် ထည့်သွင်းကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်နှင့် တရုတ်နိုင်ငံသား ဖန်ယုံတို့သည် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

ONE Fight Night-10 ပြိုင်ပွဲတွင် တွဲဆိုင်း(၁၀) ဆိုင်း ပါဝင်မည်ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ အမေရိကန်နိုင်ငံသား ဂျွန်ဆင်နှင့် စိန်ခေါ်သူ ဘရာဇီးလ်နိုင်ငံသား မော်ရေးစ်၊ မွေထိုင်းဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ ထိုင်းနိုင်ငံသား ရော့ထန်နှင့် စိန်ခေါ်သူ မက္ကဆီကိုနိုင်ငံသား တာဘာရက်စ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ONE Fight Night-10 ပြိုင်ပွဲကို အမေရိကန်နိုင်ငံ၌ မေ (၅) ရက် ညပိုင်းတွင်ကျင်းပမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံ၌ မေ(၆)ရက် နံနက်အစောပိုင်းတွင် ကြည့်ရှုရမည်ဖြစ်ကြောင်း သိရသည်။