လုပ်ခငွေ တိုးမြှင့်ရရှိရန် မန်ယူ ဂိုးသမား ဒီဂီယာ လိုလားနေ

ပရီမီယာလိဂ်ကလပ် မန်ယူအသင်း၏ အဓိက ဂိုးသမားဖြစ်သူ ဒေးဗစ်ဒီဂီယာသည် မန်ယူအသင်းနှင့် နှစ်ရှည် စာချုပ် ချုပ်ဆိုသွားရန် ဆန္ဒရှိသော်လည်း သူ၏ လုပ်ခလစာငွေကို လက်ရှိ ရရှိနေသည့် ပမာဏထက် ၅ဝ ရာခိုင်နှုန်း တိုးမြှင့်ရရှိရန် လိုလားလျက်ရှိကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

စပိန်ဂိုးသမား ဒီဂီယာ (၂၈နှစ် ) နှင့် မန်ယူအသင်းတို့ ချုပ်ဆိုထားသည့် လက်ရှိစာချုပ်သက်တမ်းမှာ ၁၈ လသာ ကျန်ရှိတော့သည်။ ဂိုးသမား ဒီဂီယာသည် လက်ရှိစာချုပ်အရ မန်ယူ အသင်းတွင် တစ်ပတ်လုပ်ခငွေအဖြစ် ပေါင် ၂ဝဝဝဝဝ ရရှိနေသူဖြစ်ပြီး မန်ယူအသင်းအနေဖြင့် စာချုပ်သစ်ချုပ်ဆိုရေး ကမ်းလှမ်းရာတွင် တစ်ပတ်လုပ်ခငွေ ပေါင် ၃ဝဝဝဝဝ ဖြင့် ကမ်းလှမ်းလာစေရန် လိုလားနေသူဖြစ်သည်။

ဂိုးသမား ဒီဂီယာသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်တွင် မန်ယူအသင်းက အဝေးကွင်း၌ စပါးအသင်းအား တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ပရီမီယာလိဂ်ပွဲစဉ်၌ လက်စွမ်းပြကစားနိုင်ခဲ့ကာ စပါးအသင်း ကစားသမားများ၏ ဂိုးသွင်းရန် ကြိုးပမ်းမှု ၁၁ ကြိမ်ကို ကာကွယ်ပေးနိုင်ခဲ့သူဖြစ်သည်။

မန်ယူအသင်း တောင်ပံတိုက်စစ်ကစားသမား ဂျက်စီလင်ဂတ်က ဂိုးသမား ဒီဂီယာအား စာချုပ်သစ် ချုပ်ဆိုသွားရန် စပါးနှင့်ပွဲအပြီးတွင် မန်ယူအသင်းအား တိုက်တွန်းပြောဆိုလိုက်သည်။

အင်္ဂလန်ကစားသမား လင်ဂတ် (၂၆ နှစ်)က ”မန်ယူအသင်းမှာ ဒီဂီယာ ဆက်ရှိနေဖို့ကို ကျွန်တော်တို့ လိုလားပါတယ်။ ဒီဂီယာလို ဂိုးသမားတစ်ဦးရှိနေခြင်းက ကျွန်တော်တို့ကို ယုံကြည်မှု ပိုမိုရရှိစေတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားမဟုတ်ရင်တောင် အကောင်းဆုံး ဂိုးသမား တွေအနက်က တစ်ဦးပါ။ စပါးနဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားတွေက ဂိုးသွင်းနိုင်လုနီးပါးဖြစ်ခဲ့ပေ မယ့် ဒီဂီယာ ကာကွယ်နိုင်ခဲ့တယ်။ ဒါက သူ့ရဲ့ သာမန်လက်စွမ်းမျိုးပါ။ ဒီလို ကာကွယ်ပုံတွေကို လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်တို့ အမြဲတမ်း မြင်တွေ့နေကျ ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။

ရီးရဲမက်ဒရစ်အသင်း၏ ပစ်မှတ်ထားခြင်းခံခဲ့ရသူ ဂိုးသမား ဒီဂီယာသည် ၂ဝ၁၁ ခုနှစ် နွေရာသီဈေးကွက် ကာလအတွင်းတွင် အက်သလက်တီကိုအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ လာခဲ့သူဖြစ်ပြီး မန်ယူအသင်း အတွက် စုစုပေါင်း ၃၄၂ ပွဲ ပါဝင်ကစားထားသူဖြစ်သည်။

စပါးနှင့်ပွဲအပြီးတွင် မန်ယူယာယီမန်နေဂျာ ဆိုးလ်ရှားကလည်း ဒီဂီယာသည် ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။ 

-Ref: Skysports