ပြင်သစ်လက်ရွေးစင်ရဲ့ အသင်းခေါင်းဆောင်ဖြစ်လာတဲ့ အုပ်ကြီး ဘာပေ

ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘတ်ပေဟာ အသက် ၂၄ နှစ်အရွယ်မှာပဲ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အသင်း ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသင်းခေါင်းဆောင်ဖြစ်သူ ဂိုးသမား ဟူဂို လိုရစ်အနားယူသွားခဲ့တာကြောင့် သူ့ရဲ့နေရာကို အမ်ဘတ်ပေက ဆက်ခံခွင့်ရခဲ့တာဖြစ်ပါတယ်။

အမ်ဘတ်ပေကို အသင်းခေါင်းဆောင်ခန့်ခဲ့ခြင်းနဲ့ပတ်သက်ပြီး အမြင်တွေလည်း နှစ်မျိုးကွဲပြားနေခဲ့ပါတယ်။ အမ်ဘတ်ပေဟာ အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးလို ရင့်ကျက်မှုလည်း အားနည်းသေးတာကြောင့် အသင်းခေါင်းဆောင်တာဝန်ဟာ မသင့်တော့ဘူးလို့ ယူဆသူတွေရှိနေသလို လက်ရှိပြင်သစ်အသင်းမှာ သူဟာ ပုံမှန်ကစားခွင့်တစ်နေရာကို နှစ်ပေါင်းများစွာ ဆက်ထိန်းနိုင်မယ့်သူဖြစ်သလို၊ ပွဲအဖြေကို ပြောင်းလဲပေးနိုင်သူ၊ အသင်းရဲ့ ပုံရိပ်လည်းဖြစ်နေတာကြောင့် အသင်းခေါင်းဆောင်ဖြစ်သင့်တယ်လို့လည်း ထောက်ပြခဲ့ကြပါတယ်။