ရှုံးပွဲမရှိသေးတဲ့ လက်ရှိချန်ပီယံကို ဒိုင်ပွဲရပ်နဲ့ အနိုင်ယူခဲ့တဲ့ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံအသစ်

ဇွန်လ ၁ ရက် စနေနေ့ညက နယူးယောက်မြို့ မက်ဒီဆင်စကွဲယားအားကစားရုံမှာ ထိုးသတ်ခဲ့တဲ့ ပွဲမှာ စိမ်ခေါ်သူ အမေရိကန်နိုင်ငံသား အင်ဒီရူးဝစ်ဇ်က WBA, WBO, IBF ကမ္ဘာ့လက်ဝှေ့ အဖွဲ့ချုပ် သုံးခုစလုံးရဲ့ လက်ရှိချန်ပီယံ ဗြိတိန်နိုင်ငံသား အန်တိုနီဂျော့ရှုဝါကို ခုနှစ်ချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူပြီး ချန်ပီယံသရဖူတွေကို ရယူသွားခဲ့ပါတယ်။
ဂျော့ရှုဝါဟာ ဒီပွဲမတိုင်ခင်က ရှုံးပွဲမရှိခဲ့ပဲ ဒီပွဲကိုလည်း သူပဲ သက်သက်သာသာနဲ့ နိုင်သွားလိမ့်မယ်လို့ အများက မှန်းထားသလို လောင်းကြေးတွေမှာလည်း သူကပဲ ၂၅ လေး ၁ လေးအထိ အသာရနေခဲ့ပါတယ်။ စိမ်ခေါ်သူ အင်ဒီရူးဝစ်ဇ်ကတော့ မက္ကဆီကိုက ပြောင်းရွှေ့ဝင်ရောက်လာတဲ့ မိဘတွေက အမေရိကန်မှာ မွေးသူဖြစ်ပါတယ်။ သူ့ရဲ့ ဝဖိုင့်ဖိုင် ကိုယ်ခန္ဓာအနေအထားရယ်၊ ဂျော့ရှုဝါထက် အများကြီး အရပ်နိမ့်တာရယ်ကြောင့် သူ အချိန်ပြည့်တောင် ထိုးနိုင်ပါမလားလို့ မှန်းခဲ့တာတွေ ပွဲစကတည်း လွဲခဲ့ပါတယ်။ ဂျော့ရှုဝါရဲ့ လက်တံရှည်ပြီး အဝေးက ထောက်ထိုး ချက်တွေကို ရှောင်တိမ်းပြီး လျင်မြန်လှတဲ့ တွဲလက်သီးတွေ တလစပ်ပစ်သွင်းခဲ့လို့ ဂျော့ရှုဝါ ထင်သလို မထိုးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ၃ ချီအရောက်မှာတော့ ဂျော့ရှုဝါရဲ့ ဘယ်ဝိုက်လက်သီး မိသွားလို့ သူ ကြမ်းပေါ် လဲကျခဲ့ရပါတယ်။ ပြန်ထလာပြီး ဆက်တိုက်ပြန်ထိုးတဲ့အတွက် ဂျော့ရှုဝါကိုယ်တိုင်လည်း နှစ်ခါလဲကျခဲ့ ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဂျော့ရှုဝါ သက်လုံကျလာသလို တွေ့ရပြီး သူ့ရဲ့နာမည်ကျော် ထောက်ထိုးကွက်၊ ညာဖြောင့် ညာဝိုက်လက်သီးတွေကို ထိထိရောက်ရောက် မသုံးနိုင်တော့ပါဘူး။ ၇ ချီမှာတော့ အင်ဒီလူးဝစ်ဇ်က အတင်းဝင်ပြီး အနီးကပ် တွဲလက်သီး ပင့်ဝိုက်လက်သီးတွေ တလကြမ်းဖိထိုးတဲ့အခါ ဂျော့ရှုဝါ ကောင်းကောင်း မကာကွယ်နိုင်တော့ပါဘူး။ ၇ ချီမှာ နှစ်ကြိမ် အလဲထိုးခံခဲ့ရပြီးတဲ့နောက် ဒိုင်က ပွဲကိုရပ်ပြီး အင်ဒီရူးဝစ်ဇ်ကို အနိုင်ပေးလိုက်ပါတယ်။ ရူးဝစ်ဇ် ကမ္ဘာ့ချန်ပီယံဖြစ်သွားပါပြီ။ သူဟာ ၃၄ ပွဲထိုး၊ ၃၃ ပွဲ နိုင်ထားပါတယ်။ သူတို့မကြေပွဲကိုတော့ ဒီနှစ်ကုန်လောက်မှာ ထိုးဖို့ ရှိနိုင်တယ်လို့ ဂျော့ရှုဝါဘက်က ပြောနေပါတယ်။ 

-Ref:Skysports