တွစ်တာကိုယှဉ်နိုင်မယ့် လူမှုကွန်ရက်သစ် ဖေ့စ်ဘွတ်ခ်မိခင်ကုမ္ပဏီ ဖန်တီး

ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ တွစ်တာလိုမျိုး စာသားသီးသန့် အခြေခံတဲ့ လူမှုကွန်ရက်ကို ဖန်တီးနေပါတယ်။

အဲဒီလိုမျိုး စာသားသီးသန့်နဲ့ ပို့စ်တွေကိုမျှဝေနိုင်ပြီး ဗဟိုချုပ်ကိုင်မှုလျှော့ချထားတဲ့ လူမှုကွန်ရက်သစ်ကို လုပ်ဆောင်နေပြီး အကြောင်းအရာမျိုးစုံနဲ့ စိတ်ဝင်စားတာတွေကို မျှဝေသွားနိုင်မှာဖြစ်တယ်လို့ Meta ကုမ္ပဏီ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

အီလွန်မာ့ခ်ဦးဆောင်တဲ့ တွစ်တာကတော့ ကုန်ကျစရိတ်လျှော့ချဖို့ ကြိုးပမ်းမှုတွေကြောင့် မတည်မငြိမ်မှုတွေ ဖြစ်ပွားနေပြီး ဒီအပေါ် Meta က အခွင့်ကောင်းယူသွားနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။ Meta ရဲ့ လူမှုကွန်ရက်အသစ်ရဲ့အမည်ကို P92 လို့ အမည်ပေးထားပြီး အသုံးပြုသူတွေအနေနဲ့ အင်စတာဂရမ်အကောင့် အထောက်အထားနဲ့ ဝင်ရောက်ရမှာဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ဟာ လူငယ်ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ဖို့ ရုန်းကန်နေရချိန်မှာ အခုလိုလူမှုကွန်ရက်သစ်ဖန်တီးဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အဲဒီ လူမှုကွန်ရက်သစ်ကို ဘယ်အချိန်မှာ ဖြန့်ချိမယ်ဆိုတာကိုတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။ Meta ဟာ ပုံရိပ်ယောင်နည်းပညာ Metaverse နဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် ပြုလုပ်လျက် ရှိပါတယ်။