ဖောင်းပြင်မြို့၌ ယမန်နေ့ညက ငလျင်လှုပ်ခတ်၊နှစ်ပတ်အတွင်း မြန်မာနိုင်ငံ၌ ငလျင် ၃ ကြိမ်လှုပ်

ငလျှင်အတွက် သတိထားစရာ၊ကြိုတင်ပြင်ဆင်စရာတို့ကို လုပ်​ဆောင်ဖို့ ခပ်စိပ်စိပ်လှုပ်လာသည့်ငလျှင်များက တပ်လှန့်​နေပြီဖြစ်သည်။

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့၌ မတ် ၁၂ ရက်ညက အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့​သေးသည်။

ယမန်နေ့ည ၆ နာရီ ၁၃ မိနစ် ၄၀ စက္ကန့်က ဖောင်းပြင်မြို့၏ မြောက်-အနောက်မြောက်ဘက် မိုင် (၂၀)ခန့်အကွာ မြောက်လတ္တီတွဒ် (၂၄ ဒသမ ၅၂) ဒီဂရီ၊အရှေ့လောင်ဂျီတွဒ်(၉၄ ဒသမ ၆၈)ဒီဂရီ၊အနက်(၁၀၄)ကီလိုမီတာအား ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိငလျင်လှုပ်ခတ်ခဲ့သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

“ဟုတ်တယ် ညကငလျင်လှုပ်သွားတယ် ကျွန်တော်တို့အနေနဲ့ပြောရမယ်ဆိုရင်ကြမ်းတယ်ဗျ။ ခုံတွေပေါ် စင်တွေပေါ် တင်ထားတဲ့ပစ္စည်းတွေပြုတ်ကျကုန်တယ်။ အချိန်အကြာကြီးတော့မဟုတ်ပါဘူး”ဟု ဖောင်းပြင်မြို့ အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မတ် ၉ ရက်ည ၇ နာရီ ၄၉ မိနစ် ၈ စက္ကန့်ကလည်း မော်လိုက်မြို့အားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဟုမ္မလင်းမြို့အားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မတ် ၈ ရက်နံနက် ၁၁ နာရီ ၃၈ မိနစ် ၅၈ စက္ကန့်က လှုပ်ခတ်ခဲ့သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။