မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ အပူအန္တရာယ် သတိထားဖို့လို

ဒေသကိုလိုက်ပြီး အပူချိန်ပြင်းထန်နိုင်တယ်လို့ ဒေါက်ထာထွန်းလွင်က သတိပေးထားပါတယ်။ မြင့်တက်နေတဲ့ အပူချိန်တွေကြောင့် မြန်မာနိုင်ထဲက ဒေသတချို့မှာ အပူဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပြီး မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ အပူအန္တရာယ်ကို သတိထားဖို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးလိုက်ပါတယ်။
နှစ်စဉ် ဧပြီလနဲ့ မေလတွေမှာ အပူချိန်တွေ မြင့်တက်နေတဲ့အပြင် လေထုမှာရေငွေ့တွေကလည်း ရောနှော ပါဝင်လေလေ အပူချိန်နဲ့ ရေငွေ့အပူချိန် နှစ်ရပ်ပေါင်းကို ခန္ဓာကိုယ်က ခံစားလာရတဲ့အခါ ခံစားရတဲ့အပူချိန် (Feel Temperature) တွေက ခန္ဓာကိုယ်ခံနိုင်ရည်ထက် ကျော်လွန်လာတတ်ပြီး ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေ ဖြစ်လာတတ်တယ်လို့ ဆိုပါတယ်။

“အပူချိန်ကမြင့်တယ်၊ လေထဲမှာ ရေငွေ့တွေရှိနေတယ်။ တိမ်ကမဖြစ်ထွန်းဘူး၊ မိုးကလည်းမရွာဘူး။ ညနေပိုင်း တွေရောက်လာရင် ရေငွေ့တွေကတိုးလာမယ်။ အပူချိန်က ပိုမြင့်တက်လာမယ်။ ဒါဟာ ခံစားရတဲ့အပူချိန်တွေ ညနေပိုင်းတွေမှာ မြင့်တက်လာတော့မယ့် Perfect Condition သဘောပဲ။ ဒေသကိုလိုက်လို့ Extreme Danger ကို ရောက်လာဖို့ရှိနေပါတယ်” လို့ ဦးထွန်းလွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထား ပါတယ်။

မိုးဇလဦးစီးဌာနက ဒီနေ့မနက်ပိုင်း ထုတ်ပြန်ချက်အရ ချောက်မြို့ မှာ(၄၅) ဒီဂရီစင်တီဂရိတ်၊ မြင်းခြံမြို့မှာ (၄၁) ဒီဂရီစင်တီဂရိတ်စီ၊ နေပြည်တော်(ရေဆင်း)၊ ကလေးဝမြို့၊ ရွှေဘိုမြို့၊ မုံရွာမြို့၊ ညောင်ဦးမြို့၊ ရမည်းသင်းမြို့၊ ကျောက်ဆည်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အမ်းမြို့နဲ့ တောင်ငူမြို့တို့မှာ (၄၀) ဒီဂရီစင်တီဂရိတ်အထိ ပူပြင်း နိုင်တယ်လို့ ကြေညာထားပါတယ်။

ဒီနေ့အတွက် အမြင့်ဆုံး အပူချိန်ခန့်မှန်းချက်အရ နေပြည်တော်မှာ (၄၀)ဒီဂရီစင်တီဂရိတ်၊ ရန်ကုန်မြို့မှာ (၃၉) ဒီဂရီစင်တီဂရိတ်နဲ့ မန္တလေးမြို့မှာ (၃၉) ဒီဂရီစင်တီဂရိတ်အထိ ပူပြင်းနိုင်တယ်လို့ ဆိုပါတယ်။
U Tun Lwin Facebook