နေပြည်တော် ပျဉ်းမနားတွင် အခကြေးငွေယူ၍ ပတ်စ်ပို့ ပြုလုပ်ပေးသူ အမျိုးသမီး ဖမ်းဆီးရမိ

နေပြည်တော် ပျဉ်းမနားတွင် အခကြေးငွေယူ၍ ပတ်စ်ပို့ ပြုလုပ်ပေးသူ အမျိုးသမီးအား ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း နစက က သတင်းထုတ်ပြန်သည်။

အဆိုပါ အမျိုးသမီးသည် မတ် ၇ရက်က နေပြည်တော်အသိုင်းအဝိုင်း “ Facebook Group ” တွင် “Win Min Thant” Facebook Account ဖြင့် နေပြည်တော် ရှစ်မြို့နယ် အိမ်ထောင်စုဖြင့် ပတ်စ်ပို့အမျိုးမျိုးကို ယုံကြည်စွာ အပ်နှံနိုင်ပါပြီ ဆက်သွယ်ရန် ဖုန်းနံပါတ် ၀၉-၄၂၂၁၁၆၁၆၁’ဟု ရေးသားဖော်ပြထားခဲ့မှုနှင့် ပတ်သက်၍ ဖော်ထုတ်အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် Facebook Page တွင် ဖော်ပြထားသည့် ဖုန်းနံပါတ်သို့ မတ် ၈ ရက်က ဆက်သွယ်စုံစမ်းခဲ့ရာ သာမန် မြန်မာနိုင်ငံကူး လက်မှတ်အသစ်(သို့မဟုတ်) သက်တမ်းတိုးလျှောက်ထားမည်ဆိုပါက ၎င်းအား ငွေကျပ် ၂၄၀၀၀၀ ပေးချေရမည်ဖြစ်ပြီးလျှောက်ထားသူအနေဖြင့် မှတ်ပုံတင်မိတ္တူနှစ်စုံ၊ အိမ်ထောင်စု စာရင်းမိတ္တူနှစ်စုံယူဆောင်ကာ ပျဉ်းမနားတရားရုံးရှေ့ရှိ ၎င်း၏နေအိမ်ဖြစ်သည့် ရွှေလဝန်းမိတ္တူဆိုင်သို့ စရန်ငွေကျပ် ၁၀၀၀၀၀ နှင့်အတူ ယုံကြည်စိတ်ချစွာ လာရောက်အပ်နှံနိုင်ကြောင်း ဖြေကြားခဲ့သည်ဟု ဖော်ထုတ်သိရှိရကြောင်း ဖော်ပြထားသည်။

ထို့ပြင် PJ အမျိုးအစားဖြင့် လျှောက်ထားမည်ဆိုပါက မြို့နယ်အလုပ်သမားရုံးမှ လေဘာကတ်ယူဆောင် လာရမည်ဖြစ်ပြီး လေဘာကတ်ယူဆောင်ရန် အခက်အခဲရှိပါက ငွေကျပ် ၅၀၀၀ ထပ်မံပေးရမည်ဖြစ်ကြောင်း၊ အလုပ်အပ်မည်ဆိုပါက စရန်ငွေနှင့်အတူ ၎င်း၏နေအိမ်သို့ လာရောက်အပ်နှံနိုင်ကြောင်း၊ အလုပ်အပ်နှံသည့် နေ့မှစတင်၍ တစ်ပတ်အတွင်း သာမန်မြန်မာနိုင်ငံကူး လက်မှတ်လျှောက်ထားနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး လျှောက်ထားပြီးပါက နှစ်ပတ်အတွင်း စာအုပ်ရရှိမည်ဖြစ်ကြောင်းပြန်လည်ဖြေ ကြားခဲ့သည်ဟု ဖော်ထုတ် သိရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုသို့ စုံစမ်းဖော်ထုတ်ချက်အရ ၎င်းချိန်းဆိုသည့် ပျဉ်းမနားမြို့ပေါင်းလောင်း (၂) ရပ်ကွက်ရှိ ရွှေလဝန်း မိတ္တူဆိုင်သို့သွားရောက်ဖမ်းဆီးခဲ့ရာ အခကြေးငွေယူ၍ နိုင်ငံကူးလက်မှတ်တစ်ဆင့်ခံ ပြုလုပ်ဆောင်ရွက်ပေးသူ မဝင်းမင်းသန့်(၄၂)နှစ်ကို မတ် ၉ရက် ည၉ နာရီကျော်တွင် အဆိုပါ မိတ္တူဆိုင်၌ဖမ်းဆီးရမိခဲ့ပြီး ပျဉ်းမနား မြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။