ရုရှားနှင့်ဆက်ဆံရေး အရှိန်မြှင့်ရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

ကမ္ဘာကြီးကပိုပြီး ကသောင်းကနင်းဖြစ်လာလို့ တရုတ်ဟာ ရုရှားနဲ့ ဆက်ဆံရေး အရှိန်မြှင့်ရလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းက မတ်လ ၇ ရက်မှာ ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ မြို့တော်ပေကျင်းမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ချင်က ခုလိုပြောလိုက်တာပါ။

တရုတ်-ရုရှား ဆက်ဆံရေးဟာ ထိပ်တိုက်မတွေ့ရေးကို အခြေခံထားပြီး ဘယ်လို တတိယအုပ်စုကိုမှ ပစ်မှတ်ထားမှာ မဟုတ်သလို ဘယ်နိုင်ငံကိုမှ ခြိမ်းခြောက်၊ စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း ချင်ဂန်းက ဆက်ပြောပါတယ်။

“နိုင်ငံကြီးတွေဟာ တနိုင်ငံနဲ့တနိုင်ငံကြား သူတို့ဘာလိုချင်လဲဆိုတာ တွက်ချက်သင့်တယ်၊ သီးခြားနိုင်ငံရေးအဖွဲ့တွေ တည်ဆောက်တာ၊ ပွင့်လင်းရိုးသားတဲ့ ဆက်ဆံရေးတွေကို အားဖြည့် ဆောင်ရွက်တာ စသဖြင့်ပေါ့။ တရုတ်နဲ့ ရုရှားဟာ နိုင်ငံတကာဆက်ဆံရေး ပုံစံသစ်အတွက် ဥပမာကောင်းကို ချမှတ်ရင်း ကောင်းမွန်တဲ့ အိမ်နီးချင်းပီသမှုနဲ့ ဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုတွေကို ဖော်ဆောင်မယ့် နိုင်ငံကြီးတွေကြား ဆက်ဆံရေး လမ်းကြောင်းတရပ်ကို ရှာတွေ့ထားတယ်” လို့လည်း ချင်ဂန်းက ပြောပါတယ်။

ထိုင်ဝမ်အရေးဟာ အမေရိကန်ပြည်ထောင်စုက စည်းမကျော်ရမယ့်ကိစ္စဖြစ်တယ်လို့ ချင်ဂန်းက ဆက်ပြောပါတယ်။

“ထိုင်ဝမ်မေးခွန်းက တရုတ်ရဲ့ အကျိုးစီးပွားအတွက် အဓိကဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ နိုင်ငံရေးအခြေခံအုတ်မြစ်နဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ ဖြတ်ကျော်လို့မရတဲ့ ပထမဆုံး အနီရောင်မျဉ်းပဲ” လို့ သူက တိတိကျကျပြောပါတယ်။

ထိုင်ဝမ်အရေး ဆုံးဖြတ်ချက်ဟာ တရုတ်ပြည်သူတွေအတွက် အရေးပါပြီး တခြားနိုင်ငံက ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

အမေရိကန်ဟာ တရုတ်ကိုဖိနှိပ်တာ ရပ်ရလိမ့်မယ်၊ မဟုတ်ရင် ပဋိပက္ခဖြစ်မယ့်ဘေး ရှိတယ်လို့လည်း ချင်ဂန်းက ပြောပါတယ်။