လူသားချင်းစာနာမှုနဲ့ လုံခြုံရေးဆိုင်ရာ မိန့်ခွန်း သမ္မတ Trump ပြောကြားမည်

အမေရိကန်-မက္ကဆီကို နှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ စာမှုဆိုင်ရာ အခက်အခဲတွေနဲ့ အမျိုးသားလုံခြုံရေး ပဋိပက္ခဆိုင်ရာ ကိစ္စရပ်တွေအတွက် အင်္ဂါနေ့ည ၀ါရှင်တန် ဒီစီ ဒေသစံတော်ချိန် ည ၉ နာရီ မှာ တိုင်းပြည်ကို မိန့်ခွန်း ပြောကြားမယ်လို့ သမ္မတ Donald Trump က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် မက္ကဆီကို နယ်စပ်က အခြေအနေတွေကို ကိုယ်တိုင် ကြည့်ရှု သိရှိနိုင်အောင် ကြာသပတေးနေ့မှာ အဲဒီကို သွားရောက်မယ့်လို့ ပြောပါတယ်။

မက္ကဆီနဲ့ အမေရိကန်အကြားက ကီလိုမီတာ ၃,၂၀၀ ရှည်လျားတဲ့ နယ်စပ်ဒေမှာ လုံခြုံရေး တာဝန်ယူနေကြတဲ့ ရှေ့တန်းက တပ်ဖွဲ့ဝင်တွေကို သမ္မတ Trump သွားရောက် တွေ့ဆုံမှာ ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders က ပြောကြားအပြီး မကြာခင်မှာဘဲ သူ နယ်စပ်ကို သွားမယ့်အကြောင်း သမ္မတ Trump က ကြေညာလိုက်တာပါ။ သမ္မတရဲ့ ခရီးစဉ် အသေးစိတ်ကို မကြာခင်မှာ ကြေညာ သွားမယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders က ပြောပါတယ်။

ဗဟိုအမေရိကန်တိုက်နိုင်ငံ တွေက တရားမ၀င် ၀င်ရောက်လာကြသူတွေကို ဟန့်တားနိုင်ရေးအတွက် မက္ကဆီကို နယ်စပ်မှာ တံတိုင်း တည်ဆောက်ရေးအတွက် ဘတ်ဂျက်ချပေးဖို့ သူတောင်းထားတဲ့ ဒေါ်လာ ၅ ဘီလီယံကျော် မရတာကြောင့် အစိုးရဘတ်ဂျက်ကို သဘောတူညီချက် မရနိုင်ဘဲ ဖြစ်ခဲ့ရာက အစိုးရ ယန္တရားတချို့ ရပ်ဆိုင်းထားရတာ ၁၇ ရက်မြောက်နေ့ကို ၀င်လာတဲ့အချိန်မှာဘဲ သမ္မတက နယ်စပ်ကို သူကိုယ်တိုင်သွားမယ်ဆိုတဲ့ အစီအစဉ် ထွက်ပေါ်လာတာပါ။

အတိုက်အခံ ဒီမိုကရက် လွှတ်တော်အမတ်တွေက သမ္မတရဲ့ နယ်စပ်တံတိုင်း တည်ဆောက်မယ့် အစီအစဉ်ကို ကန့်ကွက်နေကြပေမယ့် နယ်စပ် လုံခြုံရေးအတွက် အသုံးပြုဖို့ ဒေါ်လာ ၁.၃ ဘီလီယံ ဘတ်ဂျက် ချပေးထားပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့က စတင်ခဲ့တဲ့ အစိုးရယန္တရား ၂၅% ရပ်ဆိုင်းထားရတဲ့ ကိစ္စဟာ တနင်္လာနေ့အထိ အဆုံးသတ်နိုင်မယ့် အရိပ်လက္ခဏာ မတွေ့ရသေးပါဘူး။ သမ္မတ Trump ကတော့ သူ မူလက တောင်းဆိုနေတဲ့ ကွန်ကရစ်တံတိုင်းအစား သံမဏိချောင်းတွေနဲ့ အစားထိုး တည်ဆောက်သွားမယ်လို့ ပြောပါတယ်။

_Ref: VOA