တူရကီနှင့် ဆီးရီးယား အင်အားပြင်းငလျင်အတွက် အရေးပေါ်ပစ္စည်းများ အပြည့်ပါဝင်သည့် လေယာဉ်စေလွှတ်ပြီး စီရော်နယ်လ်ဒို လှူဒါန်းခဲ့

ပေါ်တူဂီနာမည်ကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုသည် ဖေဖော်ဝါရီလအစောပိုင်းက တူရကီနှင့် ဆီးရီးယားတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင် ဒုက္ခသည်များအတွက် အရေးပေါ်ပစ္စည်းများ အပြည့်ပါဝင်သည့် လေယာဉ်တစ်စင်းကို စေလွှတ်ပြီး လှူဒါန်းခဲ့သည်။

ယာယီတဲများ၊ အစားအသောက်များ၊ ခေါင်းအုံး၊ စောင်၊ အိပ်ရာ၊ ကလေး အစားအစားနှင့် နို့၊ ဆေးဝါးများကို စီရော်နယ်လ်ဒိုက ပေးပို့လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ စီရော်နယ်လ်ဒို လှူဒါန်းခဲ့သည့် ပစ္စည်းများသည် ငလျင်ဒဏ်ခံ တူရကီနှင့် ဆီးရီးယားကို ရောက်ရှိခဲ့ ပြီးဖြစ်ကြောင်း သိရသည်။

၎င်းသည် Save the Children၊ Unicef၊ World Vision စသည့် NGO အဖွဲ့ အစည်းများ၏ သံတမန်အဖြစ်ခန့်အပ်ခြင်းခံထားရသူဖြစ်ပြီး ယခင်က ကလေးငယ်တစ်ဦး ဦးနှောက်ခွဲစိတ်ကုသမှု ပြုလုပ်ရန် အတွက် အမေရိကန် ဒေါ်လာ (၈၃၀၀၀)နှင့် မိခင်နိုင်ငံဖြစ်သည့် ပေါ်တူဂီတွင် ကင်ဆာကုသရေး စင်တာတစ်ခု တည်ဆောက်ရန်အတွက် ရန်ပုံငွေအဖြစ် (၁၆၅၀၀၀) ဒေါ်လာ လှူဒါန်းခဲ့သည်။

ထို့ပြင် ကိုဗစ်ကပ်ရောဂါ မြင့်တက်နေချိန်တွင် ပေါ်တူဂီဆေးရုံများသို့ ဒေါ်လာ(၁)သန်း လှူဒါန်းခဲ့ဖူးကြောင်း သိရသည်။ စီရော်နယ်လ်ဒိုသည် ၎င်းလက်မှတ်ထိုးထားသည့် ဂျာစီကိုလည်း ငလျင်ရန်ပုံငွေအဖြစ် လေလံတင် ရောင်းချသွားရန် တရားဝင်ခွင့်ပြုထားပြီးဖြစ်သည်။

ဖေဖော်ဝါရီလ(၆)ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူပေါင်းမှာ မတ်လ(၅)ရက်အထိ (၅၂၇၈၀)ဦးအထိ ရှိနေပြီဖြစ် ကြောင်း မှတ်တမ်းများအရသိရသည်။ စီရော်နယ်လ်ဒို၏မဟာပြိုင်ဘက်ဖြစ်သူ မက်ဆီမှာလည်း သူ၏ဖောင်ဒေးရှင်းမှတစ်ဆင့် ယူရို(၃.၅)သန်း လှူဒါန်းခဲ့သည်။