ပရီးမီးယားလိဂ်တွင် ပထမဆုံး ကစားခွင့်ရသည့် ဖိလစ်ပိုင်ကစားသမား နေးလ်အီတာရစ်

ဖိလစ်ပိုင်လက်ရွေးစင်ဂိုးသမား နေးလ်အီတာရစ်ဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံး ကစားခွင့်ရတဲ့ ဖိလစ်ပိုင် ကစားသမား ဖြစ်လာပါတယ်။ ဂိုးသမား နေးလ်အီတာရစ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် တန်းတက်အသင်း ကာဒစ်စီးတီးမှာ ကစားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့က ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပါတယ်။

အဲဒီပွဲမှာ ကာဒစ်စီးတီးအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဂိုးသမား အီတာရစ်က ပယ်နယ်တီတလုံး ကာကွယ်နိုင်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ မွေးဖွားခဲ့တဲ့ နေးလ် အီတာရစ်ဟာ ၂၀၀၅ ခုနှစ်က အင်္ဂလန်ယူ-၁၆ အသင်းမှာ တပွဲကစားခဲ့ဖူးပါတယ်။ သူ့ရဲ့မိခင်က ဖိလစ်ပိုင်နိုင်ငံသူဖြစ်တာကြောင့် ၂၀၀၈ ခုနှစ် ကစလို့ ဖိလစ်ပိုင်လက်ရွေးစင်အသင်းမှာ စတင်ကစားခဲ့ပြီး ၅၉ ပွဲအထိ ကစားထားပါတယ်။

၁၉၉၂ ကနေ အမည်ပြောင်းကျင်းပတဲ့ ပရီးမီးယားလိဂ်မှာ နိုင်ငံပေါင်း ၁၁၃ နိုင်ငံက ကစားသမားတွေ ကစားခဲ့ဖူးတဲ့ မှတ်တမ်းရှိပါတယ်။ တခြားနိုင်ငံတွေထဲမှာ ပြင်သစ်ကစားသမား အရေအတွက်က ၂၀၅ ဦးနဲ့ အများဆုံး ဖြစ်ပြီး ကိုဆိုဗို၊ ဖာရိုးကျွန်းစု၊ ဘူရန်ဒီ စတဲ့နိုင်ငံငယ်တွေက ကစားသမားတွေလည်း ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးပါတယ်။

DVB