ဘုရားထီးတော်တင်ပွဲသို့ ပြည်နယ်ဥက္ကဋ္ဌတက်ရောက်

တောင်ကြီး ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း ၊ အထူးဒေသ ( ၆ ) ၊ တောင်ကြီးမြို့နယ် ၊ မင်္ဂလာကျေးရွာအုပ်စု ၊ သမိုင်းဝင် ဘုရားငါးဆူစေတီတော် ထီးတော်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား သို့ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစိုင်းလုံကျော် ၊ ပြည်နယ်ပါတီကော်မတီဝင် ဦးခွန်သိန်းမောင် (စီးပွားရေးရာဝန်ကြီး ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့) ၊ တောင်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးအောင်သူရရှင်း တို့ တက်ရောက်ခဲ့ပါသည်။

ထီးတော်တင်လှူပူဇော်ခြင်းအခမ်းအနားသို့ တက်ရောက် လာကြသော ဧည့်ပရိသတ်နှင့်အတူ ဆရာတော်ကြီးများ ထံမှ သရဏဂုံ ( ၃ ) ပါး နှင့် ကိုးပါး သီလတော်မြတ်ကို ခံယူဆောက်တည်ကြပါသည်။ ထီးတော်တင်လှူပူဇော်နိုင်ရန် အတွက် စိန်ဖူးတော် / ထီးတော် အစရှိသော လှူဖွယ်များအား ဘုရားဒါယကာ/ မ များနှင့်အတူ သံဃာတော် အရှင်သူမြတ်ထံ အပ်နှံဆက်ကပ်လှူဒါန်းခဲ့ပါသည်။

သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်မေတ္တာတရားတော်ချီးမြှင့်ပေးပြီး ထီးတော်တင်ပူဇော်နိုင်ရန်အတွက် သံဃာတော်အရှင်သူမြတ်မှ ထီးတော်အစရှိသည်များအား ပြန်လည် စွန့်ကြဲပြီး ၊ စိန်ဖူးတော် / ထီးတော်များ ပင့်ဆောင်ပူဇော်ခြင်းအစီအစဉ်အား အစီအစဉ်အလိုက်ပြုလုပ်ခဲ့ပြီး ထီးတော်တင် လှူပူဇော်ခဲ့ကာ၊ သံဃာတော် အရှင်သူမြတ်တို့ထံမှ အနုမောဒနာ တရားတော်ကို နာယူပြီး လှူဒါန်းမှုအစုစုကို ရေစက်သွန်းချခဲ့ပါသည်။