ငွေကျပ်သိန်းပေါင်း ၁၃၉၀ ခန့် လိမ်လည်ထုတ်ယူမှုဖြင့် နိုင်ဂျီးရီးယားနိုင်ငံသားငါးဦးအပါအဝင် ၁၁ ဦးအားဖမ်းဆီး

နိုင်ဂျီးရီးယားနိုင်ငံသားငါးဦးနှင့် မြန်မာနိုင်ငံသားခြောက်ဦးတို့ကို KBZ ဘဏ်အကောင့်ထဲမှ ငွေကျပ်သိန်းပေါင်း ၁၃၉၀ ခန့် လိမ်လည်ထုတ်ယူမှုဖြင့်ဖမ်းဆီးမိကြောင်း နစက က ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦး၏ KBZ ဘဏ်အကောင့်အတွင်းမှ ငွေကျပ် ၁၀၂၀ သိန်းနှင့် ကမာရွတ်မြို့နယ်တွင်နေထိုင်သူအမျိုးသမီးတစ်ဦး၏ KBZ ဘဏ်အကောင့်အတွင်းမှ ငွေကျပ် ၃၇၀ သိန်းကို အွန်လိုင်းအသုံးပြု၍ လိမ်လည်ခဲ့သည့်အတွက် သင်္ဃန်းကျွန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။

စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာတွင် ငွေကြေးလိမ်လည်လွှဲပြောင်းရယူရာ၌အသုံးပြုခဲ့သည့် ဘဏ်အကောင့်များအား စုံစမ်းရာ အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကိုဖော်ထုတ်ရရှိပြီး ၎င်းတို့ကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ယင်းမှတစ်ဆင့် ဆက်လက်စုံစမ်းရာ အဆိုပါဘဏ်အကောင့်များကိုအသုံးပြုပြီး ငွေကြေးထုတ်ယူသွားသည့် နိုင်ဂျီးရီးယားနိုင်ငံသားလေးဦးနှင့် နိုင်ဂျီးရီးယားနိုင်ငံသူတစ်ဦးကို ဖေဖော်ဝါရီ ၁၆ ရက်တွင် သန်လျင်မြို့နယ်ရှိ Star City အိမ်ရာ၌ ဖမ်းဆီးမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖမ်းဆီးခံထားရသူများမှာ KBZ Pay Level မြှင့်ပေးသည့်ဌာနမှဝန်ထမ်းအယောင်ဆောင်ဆက်သွယ်ခြင်း၊ KBZ Bank Email Account အတုများဖြင့် KBZ Pay Level မြှင့်ပေးသည့်ဌာနမှဝန်ထမ်းအယောင်ဆောင်ဆက်သွယ်ခြင်းများဖြင့် လိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း နစက၏ထုတ်ပြန်ချက်အရသိရသည်။

လိမ်လည်မှုနှင့်ပတ်သက်ပြီး နိုင်ငံပြင်ပမှကူညီချိတ်ဆက်ပေးသည့်ပြစ်မှုကျူးလွန်သူများကိုလည်း နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဖမ်းဆီးနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။