ယူကရိန်းမေတ္တာရပ်ခံထားသည့် နောက်ထပ်လက်နက်ကြီးများကို အနောက်နိုင်ငံများက ပို့ပေးနိုင်သည်ဟု နေတိုးအကြီးအကဲ အရိပ်အမြွက်ပြောကြား

ယူကရိန်းမြို့တစ်မြို့ကို သိမ်းပိုက်ခဲ့သည့်အတွက် သမ္မတဗလာဒီမာပူတင်က ၎င်း၏စစ်သားများကို ချီးမွမ်းပြောကြား စဉ် နေတိုးအကြီးအကဲကယူကရိန်းအနေဖြင့် မကြာမီအနောက်နိုင်ငံများထံမှ နောက်ထပ်လက်နက်ကြီးများ ပေးပို့မှုကို မျှော်လင့်နိုင်သည်ဟု က ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားသည်။ မိမိကိုယ်ကို ခုခံကာကွယ်ရေး အတွက် အဓိကကျသည်ဟု ယူကရိန်းက ပြောကြားသည့် သံချပ်ကာယာဉ်များ၊ အမြောက်များ၊ ဒုံးကျည်များကို ပံ့ပိုးပေးရန် ကိယက်ဗ်၏မေတ္တာရပ်ခံမှုများဖြစ်ပေါ်လာပြီးနောက် ယူကရိန်းသည် နောက်ထပ်လက်နက်ကြီးများကို မျှော်လင့်နိုင်သည်ဟု နေတိုးအတွင်းရေးမှူးချုပ်ယန်းစတိုလ်တင်ဘတ်က  ပြောကြားသည်။ “လက်နက်ကြီးတွေ အတွက် မကြာမီက မေတ္တာရပ်ခံမှုတွေဟာ အရေးပါနေပါတယ်။ ကျွန်တော့်အနေနဲ့ မကြာမီမှာ လက်နက်ကြီးတွေကို ပိုပြီးမျှော်လင့်ထားပါတယ်” ဟု စတိုလ်တင်ဘတ်က ဂျာမနီသတင်းစာ ဟန်ဒယ်စဘလတ်ကို ပြောကြားသည်။ နေတိုးက ယူကရိန်းထံ လက်နက်ပံ့ပိုးမှုများ ချိတ်ဆက်လုပ်ဆောင်ရေးအတွက် ယခုသီတင်းပတ်အတွင်း ပြုလုပ်မည့် အစည်းအဝေးမတိုင်မီ စတိုလ်တင်ဘတ်က အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။ ထို့အပြင် ဗြိတိန်ကလည်း ယူကရိန်းထံ တင့်ကားများ ပံ့ပိုးပေးမည်ဟု ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားသည်။

ယူကရိန်းထံ ချဲလင်ဂျာအမှတ်နှစ် တင့်ကား ၁၄ စီး ထောက်ပံ့ပေးသွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်က ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ဗြိတိန်သည် တိုက်ပွဲဝင်တင့်ကားများ ထောက်ပံ့ပေးရန် ကာလကြာရှည်တောင်း ဆိုနေသည့် ယူကရိန်းထံတင့်ကားများ ထောက်ပံ့သည့် ပထမဆုံးအနောက်နိုင်ငံ ဖြစ်လာသည်။ ယင်းကတိစကားအပေါ် ရုရှားက အလျင်အမြန်တုံ့ပြန်ခဲ့ပြီး ယခုလုပ်ဆောင်ချက်သည် ပဋိပက္ခကို ပိုမိုပြင်းထန်လာစေရုံသာရှိလိမ့်မည်ဟု သတိပေးခဲ့သည်။ ပဋိပက္ခဖြစ်ပွားနေသည့်ဇုန်သို့ တင့်ကားများပေးပို့မှုသည် တိုက်ပွဲများကို ပိုမိုပြင်းထန်လာစေပြီး အရပ်သားများအပါအဝင် ထိခိုက်သေဆုံးမှုများကို ပိုမိုများပြားစေရုံသာရှ ိစေလိမ့်မည်ဟု ဗြိတိန်ရှိ ရုရှားသံရုံးက ထုတ်ပြန်ခဲ့သည်။ တင့်ကားများထောက်ပံ့မှုသည် ယူကရိန်းအား မိမိတို့၏ ထောက်ပံ့မှုကို အရှိန်မြှင့်တင်လိုသည့်ရည်မှန်းချက်၏ လက္ခဏာတစ်ရပ်ဖြစ်သည်ဟု ဆူနက်က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးနှင့် ဖုန်းဖြင့်ပြောဆိုရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ ဗြိတိန်၏ဆုံးဖြတ်ချက် အပေါ် ကျေးဇူးတင်ကြောင်းနှင့် တင့်ကားများသည် စစ်မြေပြင်တွင် မိမိတို့၏ အင်အားကို မြင့်တက်စေရုံသာမက ဘဲအခြားမိတ်ဖက်နိုင်ငံများအတွက်လည်းမှန်ကန်သည့် အသိပေးမှုဖြစ်သည်ဟု ဇယ်လန်စကီး က Twitter တွင် ဖော်ပြထားသည်။ ရုရှားသည် ယူကရိန်းအရှေ့ပိုင်း ဒိုးနက်ဒေသတွင် ပြင်းထန်သည် ထိုးစစ်အသစ် ကို ဆင်နွှဲနေသောကြောင့် မိမိတို့အတွက် လက်နက်ကြီးများ ထပ်မံလိုအပ်နေကြောင်း ယူကရိန်းက အနောက် မဟာမိတ် နိုင်ငံများကို မေတ္တာရပ်ခံထြားသည်။