တရုတ်နှစ်ကူးအတွက်ပြည်သူများကမြို့ကြီးများမှ နေရပ်သို့ပြန်ကြသဖြင့် အားလပ်ရက်ကာလ တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာမည်ကို ကျန်းမာရေးပညာရှင်များစိုးရိမ်

ခရီးဆောင်အိတ်များ တနင့်တပိုးသယ်လာသော ခရီးသည်များသည် အားလပ်ရက်များအတွက် နေရပ်ပြန်ကြရန် ဇန်နဝါရီ ၁၆ ရက်တွင် တရုတ်မြို့ကြီးများရှိ ရထားဘူတာများ၊ လေဆိပ်များကို အုံလိုက်ကျင်းလိုက်ရောက်ရှိ လာကြရာ ကျန်းမာရေးကျွမ်းကျင်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ပြင်းထန်လာမည်ကို စိုးရိမ်သည့် အနေအထား ဖြစ်လာသည်။

သုံးနှစ်ကြာ တင်းကျပ်သည့် ဗိုင်းရပ်စ်ထိန်းချုပ်မှုများကို လုပ်ဆောင်ခဲ့ပြီးနောက် ဒီဇင်ဘာလအစောပိုင်းတွင် တရုတ်အစိုးရသည် ၎င်း၏ကိုဗစ်ကင်းစင်မူဝါဒကို ရုတ်တရက်စွန့်လွှတ်လိုက်ရာ ဗိုင်းရပ်စ်များသည် တရုတ်ပြည်သူ ၁ ဒသမ ၄ ဘီလျံကြားထဲ လွတ်လပ်စွာ ပျံ့နှံ့နေသည်။ ဒီဇင်ဘာ ၈ ရက်မှ ဇန်နဝါရီ ၁၂ ရက်အတွင်းတွင် လူ ၆၀,၀၀၀ ခန့်သည် ဆေးရုံများတွင် သေဆုံးခဲ့ကြသည်ဟု အာဏာပိုင်များက ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားသည်။ သေဆုံးသူအရေအတွက်သည် ယခင်ကိန်းဂဏန်းများထက် အလွန်မြင့်မားခဲ့သည်။ ထို့ကြောင့် အဆိုပါကိန်းဂဏန်း များသည် ကူးစက်ရောဂါ၏ ပြင်းထန်မှုအတိုင်းအတာကို ထင်ဟပ်ခြင်းမရှိဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဝေဖန်ထားသည်။

အဆိုပါကိန်းဂဏန်းများထဲတွင် အထူးသဖြင့် ကျန်းမာရေးစနစ်များ ပိုမိုအားနည်းသော ကျေးလက်ဒေသများတွင် နေအိမ်၌ သေဆုံးသူများမပါရန် ဖြစ်နိုင်ခြေအများဆုံးဟု ကျန်းမာရေးပညာရှင်တစ်ဦးက ပြောကြားသည်။ ယခုနှစ် တွင် တရုတ်ပြည်သူ တစ်သန်းကျော်သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးလိမ့်မည်ဟု ကျွမ်းကျင်တချို့က ခန့်မှန်းထားသည်။ ဇန်နဝါရီ ၂၁ ရက်တွင် တရားဝင်စတင်မည့် နွေဦးပွဲဟုခေါ်သော တရုတ်နှစ်ကူးအားလပ်ရက်များ မတိုင်မီ တရုတ်အစိုးရမီဒီယာက ကျေးလက်ဆေးရုံများနှင့် ဆေးခန်းများကို ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာပစ္စည်း ကိရိယာများ အားဖြည့်ပေးနေသည့် သတင်းများအား အများအပြားဖော်ပြလျက်ရှိသည်။ “ကျွန်တော်တို့ရွာမှာ ကိုဗစ်ကူးစက်မှုအများဆုံးဖြစ်ပေါ်မှုဟာ ကျော်လွန်သွားပြီဆိုပေမယ့် နွေဦးပွဲဟာ နီးကပ်လာပါတယ်။ နောက်ကျ ကျန်နေတဲ့ရွာသား ရှိနေဆဲပါ။ အထူးသဖြင့် အသက်ကြီးသူတွေဟာ ဒုတိယအကြိမ် ပြန်လည်ကူးစက်ခံရမယ့် အန္တရာယ်ရှိနေဆဲပါ” ဟု ရှန်းဇီပြည်နယ်က ဆရာဝန်တစ်ဦးက ကြယ်နီဒေသတွင်းသတင်းစာတွင် ဖော်ပြသော ဆောင်းပါး၌ ရေးသားထားသည်။ “အင်တီဗိုင်းရပ်စ်ဆေးတွေနဲ့ အခြားဆေးတွေ ပိုမိုပေါများမယ်ဆိုရင်တော့ ကျွန်တော်ကတော့ ယုံကြည်မှုပိုရှိနေမှာပါ” ဟု ၎င်းက ဖြည့်စွက်ဖော်ပြထားသည်။ အဖျားပျောက်ဆေးများ၊ အောက်ဆီဂျင်ဘူးများ ပံ့ပိုးပေးထားသည့်အပြင် ရွာတိုင်းက ဆေးခန်းများကို အောက်ဆီဂျင်တိုင်းသည့် ကိရိယာငယ် များ ပံ့ပိုးပေးမည်ဟု တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ပြောကြားသည်။ ပေကျင်း အဓိကရထား ဘူတာသည် မကြာသေးမီရက်များတွင် ပေကျင်းမြို့တော်မှ ထွက်ခွာသွားသော ခရီးသည်များဖြင့် ပြည့်နေခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။ တရုတ်လူဦးရေအများဆုံးမြို့ဖြစ်သော ရှန်ဟိုင်းတွင် ခရီးသွားများအတွက် ယာယီညရထားများပြေးဆွဲပေးနေသည်ဟု တရုတ်အစိုးရမီဒီယာ စင်ဟွာက ဖော်ပြထားသည်။