Miss Universe 2023 ပြိုင်ပွဲ၏ Winner ဆုကို အမေရိကန်အလှမယ် ဆွတ်ခူး

ဇန်နဝါရီ ၁၄ ရက်ညပိုင်းက အမေရိကန်ပြည်ထောင်စု၊ နယူးအော်လင်းစ်မြို့တွင် ကျင်းပပြုလုပ်သည့် ၇၁ ကြိမ်မြောက် Miss Universe 2023 အလှမယ်ပြိုင်ပွဲကြီးတွင် အမေရိကန်အလှမယ် အာဘန်နီဂေဘရီယယ်က Winner ဆုကို သိမ်းပိုက်သွားခဲ့သည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် အလှမယ် ၈၄ ဦးထဲတွင်မှ အမေရိကန်အလှမယ်က သရဖူကိုဆွတ်ခူးသွားခြင်းဖြစ်ပြီး ဗင်နီဇွဲလားအလှမယ် အမန်ဒါဒူဒါမယက ဒုတိယ၊ ဒိုမီနီကန်အလှမယ် အန်ဒရေနာမာတီနတ်ဇ်က တတိယရခဲ့သည်။ ပြိုင်ပွဲဝင်များအကြား ရေပန်းစားခဲ့သည့် ဖိလစ်ပိုင်အလှမယ်နှင့် ထိုင်းအလှမယ်မှာမူ Top 16 ထဲပင် ပါမလာဘဲ လာအိုအလှမယ်က Top 16 တွင် ပထမဆုံး အကြိမ် ပါလာခဲ့သည်။

Top 5 ထဲပါလာသည့် ဂေဘရီယယ်က လာမည့် ၇၂ ကြိမ်မြောက်ပြိုင်ပွဲမှစပြီး မိခင်နှင့်အိမ်ထောင်သည် အမျိုးသမီး များပါ ဝင်ပြိုင်ခွင့်ပြုတော့မည့် Miss Universe အဖွဲ့အစည်းအတွက် နောက်ထပ်မည်သည့်ပြောင်းလဲမှုကို မြင်ချင် သလဲ၊ ဘာကြောင့်လဲဆိုသည့် မေးခွန်းအတွက် အသက်ကန့်သတ်ချက်ကို တိုးပေးစေချင်သည်ဟု ဖြေဆိုခဲ့သည်။ ၎င်း၏အသက်က ၂၈ နှစ်ဖြစ်ပြီး ပြိုင်ပွဲသတ်မှတ်ချက်အရ အသက်အကြီးဆုံးဖြစ်ကြောင်း၊ အမျိုးသမီးတစ်ဦးကို အသက်အရွယ်ဖြင့် အဓိပ္ပာယ်ဖွင့်မရဟုယုံကြည်ကြောင်းလည်း ပြောဆိုခဲ့သည်။

တက္ကဆက်ပြည်နယ်၊ ဟျူစတန်မြို့ဇာတိဖြစ်သည့်ဂေဘရီယယ်သည် ဖက်ရှင်ဒီဇိုင်နာ၊ မော်ဒယ်၊ စက်ချုပ်နည်းပြ တစ်ဦးဖြစ်ပြီး အလုပ်လုပ်ရာတွင် ပတ်ဝန်းကျင်မထိခိုက်ရေးကို ဦးစားပေးစဉ်းစားတတ်သူဖြစ်သည်။ Top 3 အလှမယ်သုံးဦး၏ အမေးအဖြေကဏ္ဍတွင် ဂေဘရီယယ်ပြောခဲ့ပုံအရ လူကုန်ကူးမှုနှင့် အိမ်တွင်းအကြမ်းဖက်မှုတို့မှ ရုန်းထွက်လာသည့် အမျိုးသမီးများကို ၎င်းက စက်ချုပ်သင်တန်းပေးနေခြင်းဖြစ်သည်။ ဂေဘရီယယ်သည် Miss USA ဆုရသည့် ပထမဆုံးဖိလစ်ပိုင်-အမေရိကန် ကပြားသူဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် Miss Universe 2023 သရဖူကို အမေရိကန်က ဆွတ်ခူးပြီးနောက် ၁၀ နှစ်အတွင်း အမေရိကန်က နောက်သရဖူကို ရယူသွားခြင်းဖြစ်သည်။ Miss Universe အဖွဲ့အစည်း၏ လက်ရှိပိုင်ရှင်မှာ ထိုင်းအခြေစိုက် JKN Global Group ကုမ္ပဏီတည်ထောင်သူ၊ လိင်ပြောင်းအမျိုးသမီး ဂျက်ကရာဖုန်ဂျက်ကရာဂျူထာထိ ဖြစ်သည်။