၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီလက်မှတ်စာအုပ်များကို ဧပြီတွင် စတင်ရောင်းချမည်ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်မှ ၂၇ ရက်အတွင်း လျှောက်လွှာများတင်သွင်းနို်င်

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်စာအုပ်များကို ဧပြီလတွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်မှ ၂၇ ရက်အတွင်း သက်ဆိုင်ရာရုံးများသို့ လျှောက်လွှာများ တင်သွင်းနိုင်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်တွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသည် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်စာအုပ်များကို ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် (၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်အထိ) အတွက် ၂၀၂၃ ခုနှစ် ဧပြီလတွင် စတင်ရောင်းချမည်ဖြစ်ရာ ထီ စာအုပ် ဝယ်ယူရောင်းချလို သူများအနေဖြင့် ဖော်ပြပါအချက်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပါရှိသည်။

ယင်းအချက်များမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူများအနေဖြင့် အောင်ဘာလေထီစာအုပ်များ ဝယ်ယူ ရောင်းချလိုပါက အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်) သို့လည်းကောင်း၊ မန္တလေးမြို့တော်စည်ပင် သာယာရေး နယ်နိမိတ်အတွင်း နေထိုင်သူများအနေဖြင့် အောင်ဘာလေထီစာအုပ်များ ဝယ်ယူရောင်းချလိုပါက အောင်ဘာလေ သိန်းဆုဌာနခွဲ (မန္တလေးရုံးခွဲ) သို့လည်းကောင်း၊ ပြည်ထောင်စုနယ်မြေအပါအဝင် မန္တလေးမြို့တော် စည်ပင်သာယာ ရေးနယ်နိမိတ် ပြင်ပနှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်များမှ အောင်ဘာလေထီလက်မှတ်စာအုပ်များ ဝယ်ယူ ရောင်းချ လိုသူများ အနေဖြင့် မိမိတို့နေထိုင်ရာမြို့နယ်ရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့လည်းကောင်း လျှောက်ထားနိုင်ကြောင်း၊ အောင်ဘာလေထီစာအုပ် ဝယ်ယူရောင်းချရန် လျှောက်ထားသူများသည် ထီလုပ်ငန်း အမှန်တကယ်လုပ်ကိုင်၍ ထီဆိုင်ဖွင့်လှစ်ရောင်းချသူများဖြစ်ရန်လိုအပ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း/မိတ္တူ၊ အိမ်ထောင် စုလူဦးရေ စာရင်း မူရင်း/မိတ္တူ၊ ထီစာအုပ်ဝယ်ယူရရှိပါက သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချမည် ဖြစ်ကြောင်း ကတိခံဝန်ချက် စသည်များကို လျှောက်လွှာနှင့်အတူ ကိုယ်တိုင်တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ထီလုပ်ငန်းရှင် အဟောင်းများအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ လစဉ် ကျပ် ၁၀၀၀ တန် ထီလက်မှတ်စာအုပ် ဝယ်ယူရောင်းချခဲ့မှုအပေါ် မိမိနေထိုင်ရာ (သို့မဟုတ်) လုပ်ငန်းတည်ရှိရာ မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးမှ ထီဆိုင်လုပ်ငန်းအတွက် အခွန်ကိစ္စဆောင်ရွက်ပြီးကြောင်း ထောက်ခံစာ မူရင်း (သို့မဟုတ်) ထီဆိုင်လုပ်ငန်းအတွက် အခွန်ကိစ္စလုံလောက်သော အစီအစဉ်များ ပြုလုပ်ပြီးကြောင်း ထောက်ခံစာမူရင်းကို ပူး တွဲတင်ပြရမည်ဖြစ်ကြောင်း၊ လျှောက်လွှာများကို သက်ဆိုင်ရာရုံးများသို့ ဇန်နဝါရီ ၁၆ ရက်မှ ၂၇ ရက်အတွင်း တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ လစဉ်ဝယ်ယူခွင့်ရရှိထားသော ထီစာအုပ်အရေအတွက်အရ ထီလက်မှတ် (၁၁) စောင်ပါ ထီစာအုပ် တစ်အုပ်လျှင် အာမခံငွေ (Deposit) ၂၀၀ ကျပ်နှုန်းဖြင့် သုံးလစာအတွက် ကျပ် ၆၀၀ ကို ကြိုတင်ပေးသွင်းရမည် ဖြစ်ကြောင်း၊ ထီစာအုပ်ဝယ်ယူ ရောင်းချလိုသူများအနေဖြင့် တစ်လလျှင် မိမိရောင်းချမည့် ထီစာအုပ်အရေအတွက် အရ ဘဏ္ဍာနှစ်တစ်နှစ်လုံးအတွက် တာဝန်ယူရောင်းချမည့် ထီစာအုပ်အရေအတွက် ကို ဖော်ပြလျက်မပျက်မကွက် ဝယ်ယူမည်ဖြစ်ကြောင်း သဘောတူကတိစာချုပ် ချုပ်ဆိုရမည်ဖြစ်ကြောင်း၊ ထီစာအုပ်ဝယ်ယူရောင်းချရန် သဘောတူကတိစာချုပ်ချုပ်ဆိုပြီး စာချုပ်ပါ သဘောတူညီချက်တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ပါက ထီစာအုပ် ဝယ် ယူခွင့်ရပ်စဲခြင်း၊ အာမခံငွေ (Deposit) များ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းအပြင် ဝယ်ယူခွင့်ရရှိသည့် ထီစာအုပ်အရေအတွက်အား အတည်ပြုချက် ရရှိပါက အာမခံငွေ (Deposit) ပေးသွင်းခြင်း၊ သဘောတူစာချုပ်ချုပ်ဆိုခြင်းများကို မတ် ၃ ရက် နောက်ဆုံးထား၍ အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်အချိိန်အတွင်း လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ပျက်ကွက်ခဲ့ပါက ထီစာအုပ်ဝယ်ယူခွင့်ရရှိသူစာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။