ပအိုဝ်းအမျိုးသားအဆင့် လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲ ဒီဇင်ဘာမကုန်မီ ကျင်းပရန် စီစဉ်

ပအိုဝ်းအမျိုးသားအဆင့် လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲကို ဒီဇင်ဘာမကုန်မီ ကျင်းပနိုင်ရန် ဆောင်ရွက်နေပြီး ပအိုဝ်းအမျိုးသားများနှင့် ထိုက်သင့်သည့် နိုင်ငံရေးအဆင့်အတန်း တစ်ခု ရရှိရန် ဘုံသဘောထားရယူမည်ဟု ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

အဆိုပါ ပအိုဝ်းအမျိုးသားအဆင့် လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်သည့် ညှိနှိုင်းပွဲကို နိုဝင်ဘာ ၂၀ ရက်တွင် တောင်ကြီးမြို့၌ ကျင်းပမည်ဖြစ်ရာ အနယ်နယ် အရပ်ရပ်ရှိ ပအိုဝ်းမျိုးနွယ်စုကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်မည်ဟု ၎င်းက ပြောသည်။

‘‘တကယ့်တရားဝင်လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲကိုကျတော့ ဒီပြင်ဆင်မှုပြီးတဲ့အချိန်မှာလုပ်မှာပေါ့။ တရားဝင် ပွဲကတော့ UPDJC ရဲ့ ပေးထားတဲ့အမိန့်အာဏာနဲ့ တရားဝင်မှုကို လုပ်မှာ။ ဒီဇင်ဘာလမကုန်ခင်တော့ နိုင်ငံတော်က ချပေးတဲ့မူဝါဒနဲ့အညီ တရားဝင်ပွဲကတော့ အောင်မြင်မယ်လို့ ယူဆတာပေါ့။ ကျွန်တော်တို့ ပအိုဝ်းအမျိုးသားတွေကတော့ ကျွန်တော်တို့နဲ့ ထိုက်သင့်တဲ့ နိုင်ငံရေးအဆင့်အတန်းတစ်ခု ရရှိဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့ရဲ့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲရလဒ် ထွက်လာတဲ့အခါမှာ အများကြိုက်တဲ့ ရလဒ်ဘာလဲ ဆိုတာကိုတော့ ထုတ်ဖော်သွားမှာပေါ့’’ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက နိုဝင်ဘာ ၁၉ ရက်တွင် ပြောသည်။

လူမျိုးအလိုက် ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၊ တရားဝင်နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပါဝင်သင့် ပါဝင်ထိုက်သော သီခြား လက္ခဏာရှိသည့် တိုင်းရင်းသားလူမျိုးများပါဝင်နိုင်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှုပူးတွဲကော်မတီ (UPDJC) က သတ်မှတ်ထားသည်။

လူမျိုးအလိုက် ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံရေးကဏ္ဍနှင့် ပတ်သက်၍ ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုး တစ်မျိုးချင်းစီအလိုက် ခံစားသင့်၊ ခံစားထိုက်သော အခွင့်အရေးနှင့်လူမျိုးရေးဆိုင်ရာ စုပေါင်းအခွင့်အရေး ကိစ္စရပ် များကို ဆွေးနွေးနိုင်သည်ဟု UPDJC က သတ်မှတ်ထား သည်။

ထို့ပြင် လူမှုရေးကဏ္ဍတွင် ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးရးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးကဏ္ဍတွင် ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ် များကဏ္ဍတွင် မြေယာနှင့် သဘာဝသယံဇာတစီမံခန့်ခွဲရေးနှင့် ခွဲဝေခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင် ကြောင်း သိရသည်။ # 7 Day Daily


 


Leave a Reply