အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဟု ဂျပန်နှင့် ပြင်သစ်နိုင်ငံတို့ ကတိပြု

ဂျပန်ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူပြီးနောက်ပိုင်း ပြင်သစ်သို့ ပထမဆုံးသွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ဖုမိအိုကိရှိဒနှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်တိုု့သည် အာရှ-ပစိဖိတ်ဒေသလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဟု ဇန်နဝါရီ ၉ ရက်တွင် ကတိပြုခဲ့ကြသည်။ ဂျပန်သည် ၂၀၂၃ ခုနှစ်အတွက် စက်မှုထိပ်သီးခုနစ်နိုင်ငံ (ဂျီ ၇) ၏ ဥက္ကဋ္ဌတာဝန်ကို ရယူထားကာ ဝန်ကြီးချုပ် ကိရှိဒသည်လည်း ဇန်နဝါရီ ၉ ရက်တွင် ဂျီ ၇ အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ပြင်သစ်၊ အီတလီ၊ ဗြိတိန်နှင့် ကနေဒါနှင့် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်မည့် ခရီးစဉ်ကို စတင်ခဲ့သည်။ ဇန်နဝါရီ ၉ ရက် ညပိုင်းက သမ္မတ မက်ခရွန်နှင့် ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အာရှ-ပစိဖိတ်ဒေသ၌ ပြင်သစ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် မျှော်လင့်ကြောင်း ကိရှိဒက ပြောကြားခဲ့သည်။

“အင်ဒို-ပစိဖိတ်ဒေသ ပွင့်လင်းလွတ်လပ်မှုကို လက်တွေ့ဖော်ဆောင်ရာတွင် ပြင်သစ်ဟာ ဦးဆောင်မိတ်ဖက် နိုင်ငံတစ်ခုဖြစ်တယ်” ဟုလည်း ၎င်းက ဆိုသည်။ ၎င်းသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဝန်ကြီးချုပ်ဖြစ်လာ ခဲ့သည်။ “အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တို့မှာ ရှိရင်းစွဲအခြေအနေကို အင်အားသုံးပြီး ပြောင်းလဲပစ်ဖို့ တစ်ဖက်သတ် ကြိုးပမ်းမှုတွေ အရှိန်မြင့်တက်လာပြီး လုံခြုံရေးဝန်းကျင်အခြေအနေဟာလည်း ပိုမိုမြင့်တက်လာပါတယ်။ မိမိတို့အနေနဲ့ ပြင်သစ်နဲ့အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိနေပါတယ်” ဟု ကိရှိဒက ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ရည်ညွှန်းပြောဆိုခဲ့သည်။

ဂျပန်အစိုးရသည် ကာကွယ်ရေးအသုံးစရိတ် သိသိသာသာ တိုးမြှင့်ရေးအပါအဝင်ကာကွယ်ရေးဆိုင်ရာ မူဝါဒကြီးကြီး မားမား ပြင်ဆင်ပြောင်းလဲမှုကို ပြီးခဲ့သည့်လထဲတွင် အတည်ပြုခဲ့ပြီး ၎င်း၏လုံခြုံရေးအတွက် တရုတ်သည် မဟာဗျူဟာအရ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည်ဟုလည်း သတိပေးထားသည်။ ပြင်သစ်သမ္မတ မက်ခရွန်ကလည်း ပြင်သစ်နှင့် ဂျပန်တို့သည် အင်ဒို-ပစိဖိတ်ဒေသတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။

“မြောက်ကိုရီးယားက နိုင်ငံတကာဥပဒေကို ချိုးဖောက်နေချိန်မှာ ဂျပန်အနေနဲ့ မိမိတို့ရဲ့ အစဉ်တစိုက် ထောက်ခံ အားပေးမှုအပေါ် အားကိုးအားထား ပြုနိုင်ပါတယ်” ဟုလည်း မက်ခရွန်က ထပ်မံပြောကြားခဲ့သည်။ ရုရှား၏ ကျူးကျော်မှု ကို ရင်ဆိုင်နေရသည့် ယူကရိန်းကိုလည်း ဂျီ ၇ အဖွဲ့ကြီးက ဆက်လက်ကျောထောက်နောက်ခံ ပေးသွားမည်ဟု ကိရှိဒက ဆိုသည်။ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးသည် ၂၀၁၉ ခုနှစ်က မီးလောင်ပျက်စီးခဲ့ပြီးနောက် ပြန်လည်ပြုပြင်တည်ဆောက်ထားသည့် ၁၂ ရာစု ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီး နိုထရာဒမ်းဆီသို့လည်း သွားရောက်ခဲ့သည်။ ဝန်ကြီးချုပ် ကိရှိဒသည် ၎င်း၏ခရီးစဉ် နောက်ဆုံးခရီးတစ်ထောက်အဖြစ် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်မည်ဖြစ်သည်။ ယင်းသည် ဂျပန်ဝန်ကြီးချုပ်အဖြစ် ၀ါရှင်တန်သို့ ပထမဆုံးအကြိမ် သွားရောက်မှု ဖြစ်လာမည်ဖြစ်ကာ ဇန်နဝါရီ ၁၃ ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။