မဖြစ်မနေကွာရန်တင်းဝင်စေခြင်းကို ရုပ်သိမ်းမည်ဟု တရုတ်အစိုးရက ကြေညာခဲ့ပြီးနောက် ပျော်ရွှင်နေသည့် ပြည်သူများက ပြည်ပခရီးများသွားရန် ပြင်ဆင်မှုများရှိလာ

ပြည်ပဆိုက်ရောက်များအတွက် မဖြစ်မနေကွာရန်တင်းဝင်ရခြင်းကို ပယ်ဖျက်တော့မည်ဟု တရုတ်အစိုးရက ပြောကြားခဲ့ပြီးနောက် ဒီဇင်ဘာ ၂၇ ရက်တွင် တရုတ်ပြည်သူများက ဝမ်းသာမှုဖြင့် တု့ံပြန်ခဲ့ကြပြီး ပြည်ပခရီးများ သွားရန်  အလျင်အမြန်လုပ်ဆောင်ခဲ့ကြသည်။ တရုတ်အစိုးရသည် သုံးနှစ်နီးပါးကြာ အသုံးပြုခဲ့သည့် ပြည်ပဆိုက် ရောက်များအတွက် ကွာရန်တင်းဝင်စေခြင်းကို မကြာမီရုပ်သိမ်းတော့မည်ဖြစ်သည်။ ဇန်နဝါရီ ၈ ရက်မှစတင်၍ ဆိုက်ရောက်ခရီးသည်များသည် တရုတ်နိုင်ငံကို ရောက်ရှိလာသည့်အခါ ကွာရန်တင်း ဝယ်ရန်လိုအပ်တော့မည် မဟုတ်ဟု ဒီဇင်ဘာ ၂၆ ရက်နှောင်းပိုင်းတွင် တရုတ်အစိုးရက ရုတ်တရက်ကြေညာခဲ့သည်။ ဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် အဓိကအစီအမံများကို ရုပ်သိမ်းလိုက်ပြီးနောက် တရုတ်နိုင်ငံတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်များ မြင့်တက်လာခဲ့သည်။ ကူးစက်မှုသည် ခြေရာခံရန်မဖြစ်နိုင်ဟု အာဏာပိုင်များက ဝန်ခံခဲ့ပြီး ကူးစက်မှုဖြစ်စဉ်များကို စာရင်းကောက်တော့မည်မဟုတ်ဟု ဆိုသည်။

တရုတ်အစိုးရသည် သေဆုံးစာရင်းကို လွန်ခဲ့သောသီတင်းပတ်တွင်ကောက်ယူခြင်းဖြင့် လုပ်ထုံးလုပ်နည်းကို လျှော့ချပစ်ခဲ့သည်။ ထို့ကြောင့် ဗိုင်းရပ်စ်ဖြင့် သေဆုံးသူအရေအတွက်ကို ဖုံးကွယ်ထားလိမ့်မည်ဟု ကျွမ်းကျင် သူများက ပြောကြားသည်။ တရုတ်နိုင်ငံသားအများစုသည် ကန့်သတ်ချက်အများစုကို ရုပ်သိမ်းတော့မည်ဖြစ်၍ ဝမ်းသာနေကြကြောင်းသိရသည်။ တရုတ်အစိုးရသည် ၂၀၂၀ ခုနှစ် မတ်လကတည်းက တရုတ်နိုင်ငံကို ပြင်ပကမ္ဘာ နှင့်အဆက်ဖြတ်ထားခြင်းဖြစ်သည်။ “ကူးစက်ရောဂါဟာ နောက်ဆုံးမှာ ပြီးဆုံးသွားတော့မယ်လို့ ထင်ပါတယ်” ဟု အသက် ၂၇ နှစ်အရွယ် ပေကျင်းရုံးလုပ်သား ဖန်ချန်းချန်းက ပြောသည်။ လွန်ခဲ့သောသုံးနှစ်တွင် စီစဉ်ထားသော ခရီးသွားအစီအစဉ်များသည် ယခုအခါ အမှန်တကယ်ဖြစ်လာနိုင်သည်ဟု ၎င်းက ပြောကြားသည်။ ရှန်ဟိုင်းမြို့ခံ တစ်ဦးဖြစ်သော ကျိဝေဟဲက တရုတ်အစိုးရ၏ ဆောင်ရွက်ချက်က စီးပွားရေးကိုလည်းကောင်း၊ ပြည်သူများ၏ ဘဝကိုလည်းကောင်း၊ ပြည်သူများ အပြင်ထွက်၍ ခရီးသွားလိုသည့်ဆန္ဒကိုလည်းကောင်း အကျိုးရှိစေမည်ဟု ပြောကြားသည်။

အခြားရှန်ဟိုင်းမြို့ခံတစ်ဦးဖြစ်သော တူဆိုသည့် လူကမူ ပိုမိုလျင်မြန်စွာ ပြန်ဖွင့်ပေးခြင်းက နိုင်ငံအနေဖြင့် လူအများအပြား ရောဂါခံနိုင်ရည်ရှိမှုကို လျင်မြန်စွာရရှိရန် အထောက်အကူပြုဖွယ်ရှိသည်ဟု ပြောကြားခဲ့ပြီး အရှေ့ပိုင်းမြို့ကြီးရှန်ဟိုင်းတွင် ယခုအခါဗိုင်းရပ်စ်ပျံ့နှံ့နေမှုကို ရှောင်ရှားရန် နည်းလမ်းမရှိတော့ဟု ဆိုသည်။ ပြည်ပလေကြောင်းခရီးများအတွက် အွန်လိုင်းရှာဖွေမှုများသည် ခရီးသွားပလက်ဖောင်းဖြစ်သော တုန်ချန်းတွင် ၈၅၀ ရာခိုင်နှုန်းမြင့်တက်လာသည်ကိုတွေ့ရပြီး ဗီဇာကိစ္စစုံစမ်းမှုများသည် ဆယ်ဆမြင့်တက်လာသည်ဟု တရုတ်အစိုးရ မီဒီယာက ဖော်ပြသည်။ ထို့အပြင် ပြည်ပနာမည်ကျော်နေရာ များသို့သွားရန် အွန်လိုင်းရှာဖွေမှုသည် နှစ်အလိုက် ၁၀ ရာခိုင်နှုန်းမြင့်တက်လာသည်ဟု Trip.com Group က ဖော်ပြထားသည်။ တရုတ်အစိုးရ၏ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် ယင်းသို့ မြင့်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။