အင်ဒိုနီးရှားတွင် ပိုလီယိုရောဂါ ကူးစက်မှု တွေ့ရှိခဲ့ပြီးနောက် ကာကွယ်ဆေးတိုက်ကျွေးမှုအစီအစဉ်ကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်နေ

ပိုလီယိုရောဂါ ဆယ်နှစ်နီးပါးကြာ ကင်းစင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံတွင် ကလေး လေးဦး၌ ပိုလီယိုရောဂါတွေ့ရှိ ခဲ့ပြီးနောက် ကာကွယ်ဆေးတိုက်ကျွေးမှုအစီအစဉ်ကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေပြီး ဆူမားတြား ကျွန်းရှိ ဆစ်ဂလီမြို့တော်ခန်းမတွင် နိုဝင်ဘာ ၂၈ ရက်က ကျောင်းဝတ်စုံများဖြင့် ကလေး များနှင့် ကလေးငယ်များသည် ၎င်းတို့၏မိဘ များနှင့်အတူ တန်းစီစောင့်ဆိုင်းခဲ့ကြသည်။ ဆစ်ဂလီအနီးရှိ အက်ရှ်ပြည်နယ်တွင် တစ်စိတ်တစ်ပိုင်း အကြောသေသွားသည့် အသက် ခုနစ်နှစ်အရွယ် ကလေးတစ်ဦးတွင် အောက်တိုဘာလက ပိုလီယိုဗိုင်းရပ်စ်ကို ပထမဆုံး တွေ့ရှိခဲ့ပြီးနောက် နောက်ထပ်ကလေး သုံးဦးတွင် ယင်းဗိုင်းရပ်စ်ကို ဆက်လက်တွေ့ ရှိခဲ့ပြီးထိုအချိန် ကတည်းက ကာကွယ်ဆေး တိုက်ကျွေးမှုများကို အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့သည်။

ကာကွယ်ဆေးသည် ဘာသာရေးယုံကြည်ချက်များနှင့် သင့်လျော်မှုမရှိဟူသည့် သတင်းအမှားများ ပျံ့နှံ့နေခြင်း ကြောင့် ရှေးရိုးစွဲသည့် အက်ရှ်ပြည်နယ်တွင် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမှုနှုန်းသည် အခြားပြည်နယ်များထက် နှောင့်နှေးနေရခြင်းဖြစ်သည် ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အစိုးရကလည်း ကပ်ရောဂါစတင်ဖြစ်ပွားချိန် ကတည်းက COVID-19 ကာကွယ်ဆေးထိုးနှံမှုများကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ နိုဝင်ဘာ ၂၈ ရက်က စတင်ခဲ့သောကာကွယ်ဆေးတိုက်ကျွေးမှုအစီအစဉ်တွင် ယင်းပြည်နယ်ရှိ ကလေး ၁.၂ သန်းကို ကာကွယ်ဆေး တိုက်ကျွေးပေးနိုင်ရန် ရည်ရွယ်ထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဆိုင်ရာ အထွေထွေညွှန်ကြားရေးမှူး မက်စီရိန်းရွန်ဒိုနူဝူက ပြောကြားခဲ့သည်။

“ပိုလီယိုရောဂါအတွက် ကုသဆေးမရှိပါဘူး။ တစ်ခုတည်းသော ကုသမှုကတော့ ကာကွယ်ဖို့ဖြစ်ပြီး ကာကွယ်ဖို့ အတွက် အရေးကြီးဆုံးကတော့ ကာကွယ်ဆေးတိုက်ကျွေးဖို့ပဲဖြစ်ပါတယ်ဟု ရွန်ဒိုနူဝူက ပြောကြားခဲ့သည်။ လူဦးရေ ၂၇၅ သန်းရှိသည့် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့စတုတ္ထမြောက် လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်ပြီး မူစလင်အများစု ရှိသည့်နိုင်ငံဖြစ်သည်။ အက်ရှ်ပြည်နယ်သည် ရှေးရိုးစွဲပြည် နယ်ဖြစ်ပြီး ရှရီးယားဥပဒေကို ကျင့်သုံးခွင့်ပြုထားသည့် တစ်ခုတည်းသော အင်ဒိုနီးရှားပြည်နယ်ဖြစ်သည်။

ပိုလီယိုကာကွယ်ဆေးတွင် ဝက်သား သို့မဟုတ် အရက်ပါဝင်နေသည်ဟူသည့် မှားယွင်းသော ကောလာဟလ များသည် အထူးသဖြင့် ကျေးလက်နေရာများတွင် တစ်ဟုန်ထိုး ပျံ့နှံ့လာခြင်းသည် ကာကွယ်ဆေးတိုက်ကျွေးသည့် ဆောင်ရွက်ချက်ကို နှောင့်နှေးစေသည်ဟု အက်ရှ်ကျန်းမာရေးရုံးအကြီးအကဲ ဟာနစ်ဖ်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့တွေ သီးသန့် လုပ်ဆောင်လို့မရနိုင်ပါဘူူး။ ဘာသာရေးခေါင်းဆောင်တွေအပါအဝင် ပါတီအားလုံးက ၀ိုင်းဝန်းထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ အဲဒါမှသာ လူတွေက ကာကွယ်ဆေးတိုက်ကျွေးခြင်းရဲ့အရေးပါပုံကို နားလည်ကြမှာပါ”ဟု ၎င်းကပြောကြားခဲ့သည်။

ပိုလီယိုရောဂါ ဖြစ်ပွားသည့် အသက်ခုနစ်နှစ်အရွယ်ကလေးငယ်၏ဖခင်အက်ဇ်ဟာက ပိုလီယိုကာကွယ်ဆေးများတွင် အန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများ သို့မဟုတ်ဘာ သာရေးနှင့်မသင့်လျော်သောအရာများပါဝင်သည်ဟု အခြား ရွာသားများက ပြောကြားခဲ့သောကြောင့် ၎င်း၏သားဖြစ်သူကိုကာကွယ်ဆေး မတိုက်ကျွေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ “အိမ်နီးချင်းတွေ ပြောပုံအရတော့ကျွန်တော့်ရဲ့သားက ကာကွယ်ဆေးတိုက်ဖို့မလိုဘူးဆိုတာနဲ့ ကျွန်တော်လည်း အန္တရာယ်တဲ့ဓာတုပစ္စည်းတွေကြောင့် ကျွန်တော့်သားလေးနေမကောင်းဖြစ်မှာ မလိုချင်တာနဲ့ ကာကွယ်ဆေးမတိုက်ခဲ့တာပါ”ဟု ၎င်းကပြောကြားခဲ့သည်။