ပရီးမီးယားလိဂ်ချန်ပီယံဆုကို နယူးကာဆယ်ပရိသတ်များ အိပ်မက်မက်နိုင်ပြီဟု နည်းပြ အက်ဒီဟောင်း ကြုံးဝါး

Boxing Day တွင် လက်စတာအသင်းအား အဝေးကွင်းတွင် (၃-၀)ဂိုးဖြင့် အနိုင်ယူပြီးနောက် နယူးကာဆယ် ပရိသတ်များအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အိပ်မက်မက်နိုင်ပြီဟု အသင်းနည်းပြ အက်ဒီဟောင်းက ကြုံးဝါးခဲ့သည်။ နယူးကာဆယ်အသင်းသည် ယင်းပွဲအနိုင်ရပြီးနောက် စပါးနှင့် ချယ်လ်ဆီးအသင်းများအပါအဝင် ပရီးမီးယားလိဂ် နောက်ဆုံးခြောက်ပွဲဆက်တိုက် အနိုင်ကစားထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ဘာမဆို လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ရပ်တည်မှု ဖြစ်နိုင်ခြေအားလုံးအတွက် ဘောလုံးရာသီ ကတော့ စောလွန်းနေပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ ဘာမဆိုလုပ်နိုင်တယ်ဆိုတာ အသင်းပရိသတ် ယုံကြည်နေဖို့တော့ အလိုရှိပါတယ်။ ကျွန်တော့်ရဲ့သဘောထားကတော့ မပြောင်းလဲပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရရှိနိုင်မယ့် အောင်မြင်မှုနဲ့ပတ်သက်ပြီး အသင်းပရိသတ်တွေရဲ့ အိပ်မက်တွေ၊ ပြောဆိုနေတာတွေ၊ မှန်းဆချက်တွေ ကတော့ ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး။ ကျွန်တော်တို့စိတ်ထဲမှာ သတိရှိရပါမယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အတွေး၊ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်နိုင်ဖို့ အာရုံစိုက်ထားရပါမယ်။ အကြောင်းပြချက် ကတော့ ဒီပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးလိဂ် ဖြစ်နေလို့ပါပဲ”ဟု အက်ဒီဟောင်းက ပြောကြားခဲ့သည်။  လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာစ်ကလည်း နယူးကာဆယ်အသင်းသည် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင် ပြီဟု ချီးကျူးခဲ့သည်။