ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေး သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၈၂၀ ဝန်းကျင်ရှိနေဟုသိရ

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ဒီဇင်ဘာ ၁၉ ရက် ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၈၂၀ ဝန်းကျင်ရှိနေဟု သိရသည်။ ဗဟိုဘဏ်နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဝန်းကျင် သတ်မှတ်ထားသော်လည်း ငွေလဲကောင်တာ အများစုတွင် တစ်ဒေါ်လာ ၂၈၆ဝကျပ်ဖြင့် ဝယ်ယူနေပြီး ၂၈၉၀ ဝန်းကျင်ဖြင့် ပြန်လည်ရောင်းချနေကြောင်း သိရသည်။ “အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာစျေးက၂၈၀၀ ဝန်းကျင်ကို ရောက်လာတာပါ။ ခုနေ့လည်မှာတော့ တစ်ဒေါ်လာ ၂၈၂၀ ကျပ်နဲ့ ဝယ်ပြီး ၂၈၄၀ နဲ့ ပြန်ရောင်းနေတာကို တွေ့ရပါတယ်” ဟု ငွေလဲကောင်တာတွင် ဒေါ်လာ သွားရောက် ရောင်းချသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဖြစ်ပေါ်သောအခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၉၅၀ ကျပ်၊ စင်ကာပူဒေါ်လာ ၂၁၂၀ ကျပ်၊ မလေးရှားရင်းဂစ် ၆၅၀ ကျပ်၊ ထိုင်းဘတ် ၈၁ ကျပ်၊ တရုတ်ယွမ် ၄၂၅  ကျပ်၊ ဂျပန်ယန်း ၂၁ ကျပ်တို့ဖြစ်သည်။ နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်း များအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ်လ ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန် ရည်ရွယ်ပြီး နိုင်ငံခြားငွေများ ပြတ်လပ်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများ ပြတ်လပ်မှုများ ဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိကြောင်း သိရသည်။