ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား ကြားဝင်ဆောင်ရွက်ပေးရန် တရုတ်နိုင်ငံ ကမ်းလှမ်း

ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြားတွင် သံတမန်ရေးရာ ကြားဝင် ဆောင်ရွက်ပေးရန် တရုတ်နိုင်ငံက ဧပြီ ၂၅ ရက်က ကမ်းလှမ်းထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူများ၏ ပြောကြားမှုကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

Reuters သတင်းတွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလက မြန်မာနယ်စပ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများကို အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပြီးနောက် ဘင်္ဂါလီ ၆၉၀၀၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကြောင်း ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လေးရက်ကြာ ခရီးစဉ် ရောက်ရှိနေသည့် တရုတ်အထူးသံတမန် Sun Guoxiang က အဆိုပါအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် အပြန်အလှန် ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းခဲ့ကြောင်းနှင့် တရုတ်အစိုးရ အနေဖြင့်လည်း ကူညီရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူများက Reuters ကို ပြောကြားသည်။

တရုတ် အထူးသံတမန် Sun Guoxiang က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Shahidul Haque နှင့် တွေ့ဆုံ ဆွေးနွေးမှုတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက အတည်ပြု ပြောကြားသည်။

“တရုတ်အထူးသံတမန်က လိုအပ်ရင် အကူအညီပေးဖို့ အသင့်ရှိတယ်လို့ ဆွေးနွေးမှုမှာ ပြောကြားခဲ့ပါ တယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အခြားတာဝန်ရှိသူ တစ်ဦးကလည်း အဆိုပါသတင်းကို အတည် ပြုပေးခဲ့သော်လည်း ၎င်းအမည်ကိုမူ ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါ ဆွေးနွေးမှုတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Shahidul Haque ကလည်း တရုတ်အထူးသံတမန် Sun Guoxiang ၏ သံတမန်ရေးရာ ကြားဝင်ဆောင်ရွက်ပေးရန် ကမ်းလှမ်းမှုကို ကြိုဆိုခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများ အနေဖြင့် တရုတ်အထူးသံတမန် Sun Guoxiang ကို Cox’s Bazar အနီးရှိ ထွက်ပြေးလာသည့် ဘင်္ဂါလီများနေထိုင်ရာ စခန်းသို့လည်း လိုက်လံပြသခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးဖြင့် ခိုင်မာသည့် ဆက်ဆံရေး ရှိနေပြီး နှစ်နိုင်ငံ စလုံးတွင် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးနေကြောင်းလည်း Reuters သတင်းတွင် ဖော်ပြခဲ့သည်။ # Eleven