ချေးငွေပေးဆပ်ကာလသက်တမ်း တစ်နှစ်ထပ်မံတိုးမြှင့်

ကိုဗစ်-၁၉ ရန်ပုံငွေက ချေးငွေရယူထားတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာကဏ္ဍက ကုမ္ပဏီ၊ လုပ်ငန်း ၈၇၉ ခု အနေနဲ့ သတ်မှတ်ချက်နဲ့ကိုက်ညီသူတွေကို ချေးငွေကာလသက်တမ်း ၁ နှစ်စေ့တဲ့နေ့ကစပြီး နောက်ထပ် ၁ နှစ်ထပ်မံတိုးမြှင့်ပေးကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက် မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။

မတ် ၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဲဒီကြေညာချက်ထဲမှာ အတိုးတွေကို ကာလစေ့ရောက်တဲ့နေ့မှာ ပေးဆပ်ပြီးဖြစ်ရမှာဖြစ်သလို ချေးငွေကို ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်နေတဲ့ ကုမ္ပဏီ/ လုပ်ငန်း ဖြစ်ရမယ်လို့ ဖော်ပြပါရှိပါတယ်။

အခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ထပ်မံရှိနေပြီး ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းတွေ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေပြန်လည်ပေးဆပ်ရမယ့် ကာလကို ချေးငွေပြန်လည်ပေးဆပ်ဖို့ ကာလစေ့ရောက်တဲ့နေ့ကစပြီး နောက်ထပ် ၁ နှစ် သက်တမ်းတိုးမြှင့်ပေးဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး သက်ရောက်မှုတွေအပေါ် ကုစားရေးလုပ်ငန်းကော်မတီရဲ့ တာဝန်တွေထဲက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုတွေကို ပြန်လည်ကုစားနိုင်ရေးအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာကဏ္ဍက ထိခိုက်မှုအများဆုံးဖြစ်တဲ့ လုပ်ငန်းတွေကို ကိုဗစ်-၁၉ ရန်ပုံငွေကနေ ချေးငွေသက်တမ်း တစ်နှစ် (အတိုးနှုန်း ၁ ရာခိုင်နှုန်း) သတ်မှတ်ပြီး ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်ကစတင်ကာ ချေးငွေတွေ ခွင့်ပြုထုတ်ချေးပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့စီးပွားရေးဘဏ်က ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ ကုမ္ပဏီ/ လုပ်ငန်း စုစုပေါင်း ၈၇၉ ခု၊ ချေးငွေ ပမာဏ ကျပ် ၁၃.၁၃၂၅ ဘီလီယံကို ကိုဗစ်−၁၉ ရန်ပုံငွေကနေ ချေးငွေထုတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။