မိုင်ဂျာယန်အစည်းအဝေးမှ ရလဒ်ကောင်း ဆောင်ကြဉ်းနိုင်မည်ဟု မျှော်လင့်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင် ထုတ်ပြန်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြေခံ၍ ပေါ်ပေါက်လာသည့် ၂၁ ရာစု ပင်လုံညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး စုံလင်စွာ တက်ရောက်နိုင်စေမည့် ရလဒ် ကောင်းများကို မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေး ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဆောင်ကြဉ်းနိုင် မည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးကော်မရှင်က ထုတ်ပြန်ကြေညာသည်။

ဇူလိုင် (၂၆) ရက်မှ (၂၉) ရက်အထိ ကေအိုင်အိုထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီအစည်းအဝေးတစ်ခု ပြုလုပ် မည်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် မိုင်ဂျာယန်သို့ သွားရောက်ရေးအစီအစဉ်များ အဆင်ပြေချောမွေ့ စေရန် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့တင်ပြ၍ ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးနေကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကြာမီ ကျင်းပတော့မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ ၂၁ ရာစုပင်လုံတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေးကို မျှော်လင့်၍ ကော်မရှင်က ပြင်ဆင်ဆောင်ရွက်နေရာ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြန်လည် သုံးသပ်ရေးလုပ်ငန်းစဉ်၌ ပါဝင်နိုင်ရေးအတွက် NCA ရေးထိုးထားသည့်အဖွဲ့များ သာမက  လက်မှတ်ရေးထိုး ထားခြင်းမရှိသည့် အဖွဲ့များကိုပါ ဖိတ်ကြားထားကြောင်း ဆိုသည်။

ထို့အပြင် NCA တွင် အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်နေသည့် အချက်များကိုလည်း ဆွေးနွေးညှိနှိုင်းရန် ဆောင်ရွက်နေကြောင်း ငြိမ်းချမ်းရေးကော်မရှင်က ထုတ်ပြန်သည်။

သို့ဖြစ်၍ မိုင်ဂျာယန်အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး လုပ်ငန်းများတွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့်အဖွဲ့များ ထပ်တိုးပါဝင်နိုင်ရေးကို အောင်မြင်စွာ ဆွေးနွေးညှိနှိုင်းပြီး NCA ကိုအခြေခံ၍ ပေါ်ပေါက်လာသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး စုံညီစွာတက်ရောက်နိုင်စေမည့် ရလဒ်ကောင်းများ ဆောင်ကြဉ်းနိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်သည်။

ဒေါက်တာတင်မျိုးဝင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ငြိမ်းချမ်းရေးကော်မရှင်ကို NRPC က ချမှတ်ပေးသည့် လုပ်ငန်းတာဝန်များ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် သမ္မတက ဇူလိုင် (၁၁) ရက်စွဲဖြင့် ဖွဲ့စည်းခဲ့သည်။

မိုင်ဂျာယန်အစည်းအဝေးတွင် ၂၁ ရာစုပင်လုံညီလာခံနှင့်ပတ်သက်၍ အဓိကဆွေးနွေးမည်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အား ဖိတ်ကြားထားသည်။ ထို့အပြင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) တို့ကိုလည်း နိုင်ငံရေးပါတီ ကိုယ်စားလှယ်များအဖြစ် ဖိတ်ကြားထားသည်။

   7 Day Daily


Leave a Reply