ပီရူးနိုင်ငံရေးအကျပ်အတည်းနှင့်ပတ်သက်သည့် အဓိကနေ့စွဲများ

ပီရူးနိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်က လက်ဝဲယိမ်းသမ္မတ ပက်ဒရို ကက်စတီလိုသည် လွှတ်တော်ကို ဖျက်သိမ်းပြီး ဥပဒေတစ်ရပ်ထုတ်ပြန်ကာ အုပ်ချုပ်ရန်ကြိုးပမ်းခဲ့ပြီးနောက် လွှတ်တော်က ၎င်းအား ရာထူးမှ ဖြုတ်ချခဲ့ကာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးကတည်းက နိုင်ငံအတွင်း ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ လက်ရှိဖြစ်ပွားနေသည့် ပီရူး၏ နိုင်ငံရေးအကျပ်အတည်းကို ဖြစ်စေခဲ့သည့် အကြောင်းအရာများနှင့် အဓိက နေ့စွဲများကို အောက်ပါအတိုင်းတွေ့ရမည်ဖြစ်သည်။

■ ဒီဇင်ဘာ ၇ ရက်၊ လွှတ်တော်ကို ဖျက်သိမ်းရန် ကြိုးပမ်းမှု

ဒီဇင်ဘာ ၇ ရက်က အသက် ၅၃ နှစ်အရွယ် ကက်စတီလိုသည် လွှတ်တော်ကို ဖျက်သိမ်းပြီး အရေးပေါ် အစိုးရဖွဲ့စည်းကာ ကာဖျူးမိန့် ထုတ်ပြန်ပြီး ဥပဒေဖြင့်အုပ်ချုပ်သွား မည်ဟု ရုပ်သံမှ မိန့်ခွန်းပြောကြား ခဲ့သည်။ ပီရူး၏ ဒုတိယသမ္မတ ဒိုင်နာ ဘိုလိုရာတေးကမူ ကက်စတီလို၏ ကြိုးပမ်းမှုကို ရှုတ်ချခဲ့ပြီး အာဏာသိမ်းရန်ကြိုးပမ်းမှုဟု ဝေဖန်ခဲ့သည်။

ထို့နောက်လွှတ်တော်အမတ်များက ကက်စတီလိုကို ရာထူးမှဖြုတ်ချခဲ့ကာ လီမာမြို့တော်အရှေ့ပိုင်းရှိ ရဲစခန်းသို့လွှဲပြောင်းကာပုန်ကုန်မှုဖြင့်ဖမ်းဆီးခဲ့သည်။နာရီပိုင်းအကြာတွင် အသက်၆၀အရွယ် ဘိုလိုရာတေး က ယာယီသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ပီရူး၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာခဲ့သည်။ ကက်စတီလိုအား ထောက်ခံသူများက လီမာမြို့တော်၏ လမ်းများပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြပြီး ၎င်းအား ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

■ ဒီဇင်ဘာ ၈ ရက်၊ တရားရုံးချုပ်

ကက်စတီလိုသည် ဗီဒီယိုဆက်သွယ်မှုဖြင့် တရားရုံးချုပ်တွင် စစ်ဆေးကြားနာမှုခံယူခဲ့ပြီး တရားသူကြီးက ၎င်းအား ခုနစ်ရက်ကြာ အကြိုထိန်းသိမ်းမှုအမိန့်ချခဲ့သည်။

■ ဒီဇင်ဘာ ၁၀ ရက်၊ ဆန္ဒပြမှုများ အရှိန်မြင့်လာခြင်း

ကက်စတီလိုအား ထောက်ခံသည့် ဆန္ဒပြမှုများ အရှိန်မြင့်လာခဲ့ပြီး ဆန္ဒပြသူများက နိုင်ငံတစ်ဝန်းတွင် လမ်းများကို ပိတ်ဆို့ကာ တာယာများကို မီးရှို့ခဲ့ကြသည်။ ယင်းနေ့မှာပင် သမ္မတ ဘိုလိုရာတေးက အစိုးရ အဖွဲ့သစ် ဖွဲ့စည်းခဲ့သည်။

■ ဒီဇင်ဘာ ၁၁ ရက်၊ ဆန္ဒပြမှုများတွင် လူသေဆုံးမှုရှိလာခြင်း

နိုင်ငံတောင်ပိုင်းတွင် အန်ဒါဟွာလာမြို့တွင် ဆန္ဒပြသူများက ယင်းမြို့၏ လေဆိပ်ကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ချိန်တွင် လူနှစ်ဦး သေဆုံးခဲ့သည်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူများနှင့် အဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် သေဆုံးသူ ခုနစ်ဦးရှိခဲ့သည်။

■ ဒီဇင်ဘာ ၁၃ ရက်၊ ကက်စတီလို၏ အာမခံ ပယ်ချခံရခြင်း

တရားရုံးက ကက်စတီလို၏ အာမခံလျှောက်ထားမှုကို ပယ်ချခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် ၎င်းအား ၁၈ လကြာ ထိန်းသိမ်းရန် အမိန့်ချမှတ်ခဲ့သည်။ ဒီဇင်ဘာ ၁၄ ရက်တွင် ပီရူးအစိုးရက နိုင်ငံတစ်ဝန်း ရက် ၃၀ ကြာ အရေးပေါ်အခြေအနေကြေညာခဲ့သည်။ ဒီဇင်ဘာ ၁၅ ရက်အထိ ဆန္ဒပြမှုများကြောင့် သေဆုံးသူ ၁၅ ဦးရှိခဲ့သည်။