မြောက်ကိုရီးယားကို စောင့်ကြည့်ရန်အတွက် တောင်ကိုရီးယား၌ အမေရိကန်စစ်တပ်က အာကာသတပ်ဖွဲ့ ဖွဲ့စည်းထားရှိ

မြောက်ကိုရီးယားဘက်က ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများကို ခြေရာခံထောက်လှမ်းရာတွင် ပိုမိုအထောက်အကူဖြစ်စေရန်အတွက် ဒီဇင်ဘာ ၁၄ ရက်တွင် တောင်ကိုရီးယား၌ အမေရိကန် ပြည်ထောင်စုက အာကာသတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားရှိခဲ့သည်။ မြောက်ကိုရီးယားသည် ယခုနှစ်ထဲတွင် လက်နက်စမ်းသပ်မှုများကို စံချိန်တင်အရေအတွက်အထိ တိုးမြှင့်လုပ်ဆောင်လျက်ရှိကာ အမေရိကန် ပြည်မအထိ ရောက်နိုင်ဖွယ်ရှိသော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုနှင့် ဂျပန်ကိုဖြတ်ကျော်၍ တာလတ်ပစ် ဒုံးကျည်စမ်းသပ်မှုတို့ကိုလည်း ပြုလုပ်ခဲ့သည်။

အသစ်ဖွဲ့စည်းလိုက်သည့် အာကာသတပ်ဖွဲ့သည် မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများကို အချိန်နှင့်တစ်ပြေးညီနီးပါး စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် သတိပေးခြင်းတို့ ပြုလုပ်သွားမည်ဖြစ်သည်။

“ကျွန်တော်တို့ရဲ့မြောက်ဘက် ၄၈ မိုင် (၇၇ ကီလိုမီတာ) အကွာလောက်မှာ အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှု တစ်ခု ဆက်ရှိနေပါတယ်။ မိမိတို့ဟာ အဲဒီခြိမ်းခြောက်မှုကို ဟန့်တားကာကွယ်ဖို့ ပြင်ဆင်ထားရမှာ ဖြစ်သလို လိုအပ်လာရင်လည်း ချေမှုန်းအနိုင်ယူဖို့ ပြင်ဆင်ထားရမှာဖြစ်တယ်” ဟု အဆိုပါ အာကာသ တပ်ဖွဲ့သစ်ကို ဦးဆောင်မည့် ဒုတိယဗိုလ်မှူးကြီး ဂျော်ရှူအာ မက်ကော်လီယန်က ပြောကြားခဲ့သည်။

မိမိတို့၏ အာကာသတပ်ဖွဲ့သည် အမေရိကန်-တောင်ကိုရီးယား မဟာမိတ်ဆက်ဆံရေးအတွက် သံမဏိ ကဲ့သို့ခိုင်မြဲသော ကတိကဝတ်ကို ထိန်းသိမ်းမြှင့်တင်မှုဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ ၁၉၅၀ မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲကို ငြိမ်းချမ်းရေးသဘောတူညီချက်နှင့်မဟုတ်ဘဲ ယာယီစစ်ပြေ ငြိမ်းခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည့်အတွက် သဘောတရားပိုင်းအရ စစ်ဖြစ်နေဆဲ အခြေအနေ၌ပင် ရှိနေခြင်းကြောင့် နျူကလီးယားလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယား၏ အန္တရာယ်မှ အကာအကွယ် ပေးရန် အမေရိကန်က တောင်ကိုရီးယားတွင် တပ်ဖွဲ့ဝင် ၂၈,၅၀၀ ခန့် တပ်စွဲထားသည်။ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက် ၂၀၁၈ ခုနှစ်တွင် အာကာသတပ်ဖွဲ့ ဖွဲ့စည်းရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ပင်တဂွန်အနေဖြင့် အာကာသတွင်း လုံခြုံရေးဆိုင်ရာ အားနည်းချက်များကို ကိုင်တွယ်ဖြေ ရှင်းကာ အမေရိကန်၏ လွှမ်းမိုးမှုကို အခိုင်အမာ ထိန်းသိမ်းနိုင်ရန် လိုအပ်နေသည်ဟုလည်း ၎င်းကပြောကြား ခဲ့သည်။ တောင်ကိုရီးယားတွင် ဖွဲ့စည်းထားရှိခဲ့သည့် အာကာသတပ်ဖွဲ့သစ်သည် အမေရိကန်ပြင်ပ၌ ဖွင့်လှစ်ထားသည့် အာကာသတပ်ဖွဲ့ အနည်းငယ်ထဲတွင် အပါအဝင်ဖြစ်သည်။ ပြီးခဲ့သည့်လကလည်း အမေရိကန်စစ်တပ်သည် ဟာဝိုင်ယီပြည်နယ်၌ အင်ဒို- ပစိဖိတ်ဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်၌ အာကာသ တပ်ဖွဲ့ကို ဖွင့်လှစ်ထားရှိခဲ့သည်။ တောင်ကိုရီးယား လေတပ်ကလည်း အမေရိကန်နှင့် အာကာသကွပ်ကဲမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုများကိုတိုးမြှင့်ရန် ကိုယ်ပိုင်အာကာသတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။မြောက်ကိုရီးယား သည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းနှစ်နိုင်ငံ၏ ပစ်မှတ်များကို နျူကလီးယားဖြင့် တိုက်ခိုက်သည့် အသွင်သဏ္ဌာန် ဖန်တီးထားသည့် တာတိုပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများကို ပြုလုပ်ခဲ့သည်။