ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ၂၀၂၃ ခုနှစ်တွင် COVID-19ကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေမဟုတ်တော့ဟုကြေညာရန် ရှိနေ

COVID-19 သည် ၂၀၂၃ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်လာတော့မည်မဟုတ်ဟု မိမိတို့မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဒီဇင်ဘာ ၁၄ ရက်တွင်ပြောကြားလိုက်ပြီး ကပ်ရောဂါ အစပြုပုံကို အတိအကျ ဖော်ထုတ်နိုင်သည့် သတင်းအချက်အလက်များကို မျှဝေရန် တရုတ် နိုင်ငံကို တိုက်တွန်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားသည့် တတိယမြောက် နှစ်ပတ်လည် နီးကပ်လာချိန်တွင် WHO က ဗိုင်းရပ်စ်သည် ဤနေရာတွင်ရှိနေမည်ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်မှာ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့်အတူ စီမံခန့် ခွဲမှု လိုအပ်မည်ဟုဆိုသည်။

အပတ်စဉ် ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံးမှု စုစုပေါင်းသည် ယခုအခါ လွန်ခဲ့သောတစ်နှစ်ကထက် ငါးပုံတစ်ပုံ ဝန်းကျင်ရှိနေသည် ဆိုသော်လည်း သေဆုံးမှု မြင့်မားလွန်းနေဆဲဖြစ်သည်ဟု WHO အကြီးအကဲ တက်ဒရို အက်ဟာနွမ်ဂျီဘရီးဆက်က ပြောကြားသည်။ “လွန်ခဲ့တဲ့ အပတ်မှာ လူ ၁၀,၀၀၀ ထက်မနည်း အသက် ဆုံးရှုံးခဲ့ရပါတယ်။ ၁၀,၀၀၀ ဆိုတာများလွန်းနေဆဲပါ။ အသက်တွေကို ကယ်ဖို့ နိုင်ငံအားလုံး လုပ်ဆောင် စရာအများအပြားရှိနေဆဲဖြစ်ပါတယ်”ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ “ဒါပေမဲ့ ကျွန်တော်တို့ဟာ အောင်မြင်မှု အများအပြားရခဲ့ပါတယ်။ COVID-19 ဟာ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေမဟုတ်တော့ဘူးဆိုတာကို လာမယ့်နှစ်ရဲ့တစ်ချိန်ချိန်မှာ ကျွန်တော်တို့ ပြော နိုင်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းဗိုင်းရပ်စ်သည် နိုင်ငံတကာစိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ရပ် ဟုတ်မဟုတ်ဆိုသည်ကို တက်ဒရိုအားအကြံပေးနေသော COVID-19 ဆိုင်ရာ WHO အရေးပေါ်ကော်မတီ သည် ဇန်နဝါရီတွင် အစည်းအဝေးလုပ်သည့်အခါ အရေးပေါ်အဆင့် အဆုံးသတ်ရေးကို ကြေညာရေး အတွက် ဆုံးဖြတ်ရန်မူများကို ဆွေးနွေးမည်ဖြစ်သည်။ ကော်မတီအနေဖြင့် ကပ်ရောဂါဗေဒ၊ အိုမီခရွန်လို မျိုးကွဲများ၊ ဗိုင်းရပ်စ်၏ သက်ရောက်မှုတို့ကို စနစ်တကျလေ့လာမည်ဟု WHO၏ နည်းစနစ်ခေါင်းဆောင် မာရီယာ ဗန်ခါကိုဗာက ပြောကြားသည်။

ကူးစက်လှိုင်းများသည်ရှိနေဆဲဖြစ်သည်ဟု မျှော်လင့်ရသော်လည်း ကပ်ရောဂါသည်ဖြစ်ပွားစ အနေအထား အတိုင်းမဟုတ်တော့ဟု ၎င်းက ပြောကြားခဲ့ကာဆေးရုံတက်ရောက်မှုနည်းလာခြင်းနှင့် သေဆုံးသူနည်း လာခြင်းတို့ရှိလာသည်ဟု ဆိုသည်။ “အဲ့ဒီသေဆုံးမှုတွေဟာ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသူတွေ၊ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားခြင်းမရှိသူတွေကြားထဲမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်”ဟု ဗန်ခါကိုဗာ က ပြောကြားသည်။ ကာကွယ်ဆေးပမာဏ ၁၃ ဘီလျံကျော် ထိုးနှံထားသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့ပြီး ကမ္ဘာ၏ ၃၀ ရာခိုင်နှုန်းဝန်းကျင်သည် ကာကွယ်ဆေး တစ်ကြိမ်တစ်လေတောင် ထိုးနှံရခြင်း မရှိသေးဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသန်း၆၅၀ ခန့်ရှိသည်။