အစ္စရေးတွင် ပါလီမန်ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်ကျင်းပမည်

အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘဲနက် ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရဟာ ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက် ထပ်ကျင်းပဖို့ တနင်္လာနေ့က သဘောတူလိုက်ပါတယ်။ ဒီရွေးကောက်ပွဲဟာ  သုံးနှစ်အတွင်း ငါးကြိမ်မြောက် ကျင်းပရတဲ့ ရွေးကောက်ပွဲဖြစ်လာမှာပါ။  ဆောင်းဦးပေါက်မှာ ကျင်းပဖွယ်ရှိနေတဲ့ ဒီရွေးကောက် ပွဲကနေ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု ဦးဆောင်တဲ့ ဘာသာရေးအားသန်တဲ့ အမျိုးသားရေးဝါဒီအစိုးရ တစ်ကျော့ပြန်လာနိုင်သလို နိုင်ငံရေး မတည်ငြိမ်တဲ့ အခြေအနေတစ်ရပ် ပေါ်ပေါက်လာနိုင်ဖွယ်ရှိနေပါတယ်။

အနိုင်အရှုံးမပြတ်သားတဲ့ ရွေးကောက်ပွဲလေးကြိမ်ကျင်းပပြီးတဲ့နောက် ၂၀၂၁ ခုနှစ် ဇွန်လအတွင်းမှာ ဝန်ကြီးချုပ် နက်ဖ်တာလီ ဘဲနက်ဟာ ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဦးဆောင်ဖွဲ့စည်းနိုင်ခဲ့တာပါ။ ညွန့်ပေါင်းအစိုးရရဲ့ တစ်နှစ်တာကာလအတွင်း နိုင်ငံတော်အသုံးစရိတ်ကို အတည်ပြုနိုင်တာ ၊ ကိုဗစ်ကူးစက်ပြန့်ပွားမှု နှစ်ကြိမ်စလုံးမှာ လော့ဒေါင်းမချဘဲ စီမံခန့်ခွဲနိုင်တာ စတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပါတီထဲက သဘောထား တင်းမာသူတွေကတော့ ဝန်ကြီးချုပ်ဟာ ညွန့်ပေါင်းအစိုးရ တည်တံ့ဖို့အတွက် အလျှော့ပေး လိုက်လျောမှုတွေများပြီး သဘောထားပျော့ပြောင်းလွန်းတယ်လို့ယူဆလာတာကြောင့် အစိုးရအဖွဲ့မတည်မငြိမ်ဖြစ်လာခဲ့ပြီး အယုံ အကြည်မရှိအဆို အတင်ခံရမယ့် အနေအထားပေါ်ပေါက်လာတာပါ။ ဒါကြောင့် ဝန်ကြီးချုပ် ဘဲနက်က ပါလီမန် ဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပပေးဖို့ သဘောတူပေးလိုက်တာဖြစ်ပါတယ်။