အင်အားအသင့်အတင့်ရှိသောမြေငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ခန္တောတိုက် မဏိရတနာကျောင်းဝန်းအတွင်းရှိ ပတ္တမြားစေတီ၏ စိန်ဖူးတော်

ဒီဇင်ဘာလ ၁၅ ရက် နံနက်ပိုင်းက တံတားဦးမြို့၏ အရှေ့ဘက် လေးမိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား အသင့်အတင့်ရှိသော မြေငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ခန္တောတိုက် မဏိရတနာကျောင်းဝန်းအတွင်းရှိ ပတ္တမြားစေတီ၏ စိန်ဖူးတော်မြေခခဲ့ပြီး အခြား ထိခိုက် ပျက်စီးမှုများ ရှိကြောင်း သိရသည်။ ဒီဇင်ဘာလ ၁၅ ရက်  နံနက် ၃ နာရီ၊ ၁၆ မိနစ်၊ ၃၅ စက္ကန့် တွင် မန္တလေး မြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၁၅)မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (တံတားဦး မြို့၏ အရှေ့ဘက် (၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၈၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆.၀၃) ဒီဂရီ၊ အနက် (၆၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အား အသင့်အတင့် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။  “ကမ္ဘာ့ဖလားဘောလုံးပွဲ ကြည့်နေတုန်း ဝုန်းဆိုပြီး အိမ်ကလှုပ်ပြီး တော့တုန်သွားတာ။ အစကတော့အိမ်ပေါ်ကိုတစ်ယောက်ယောက်များခုန်တက်လာတာလားလို့ ထင်မိတာ။ နောက်မှ ဖုန်းကနေငလျင်သတိပေးချက် alert မြည်တာကြားမှ ငလျင်လှုပ်နေတာလို့ သိရတာ။

ငလျင် ကတော့ အတော်လေးပြင်းတယ်။ အိမ်ထဲက ပစ္စည်းတွေလည်းပြုတ်ကျကုန်တယ်”ဟု မန္တလေးမြို့ခံ တစ်ဦးကဆိုသည်။ လတ်တလောတွင် ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ ခန္တောတိုက် မဏိရတနာကျောင်းဝန်း အတွင်းရှိ ပတ္တမြားစေတီ၏ စိန်ဖူးတော်မြေခခြင်း၊ မူလ မဏိရတနာ ကျောင်းတော်ကြီး၏ မျက်နှာကျက်များပြိုကျခြင်းနှင့်အခြားထိခိုက်မှုများဖြစ်ပေါ်ခဲ့ရကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထား သည် ကို တွေ့ရသည်။  ငလျင်လှုပ်ခတ်မှုကို မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ ပုလိပ် မြို့တွင် နေထိုင်သူများ သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။ အခြားထိခိုက်ပျက်စီးမှု အခြေအနေများကိုလည်း ဆက်လက် စုံစမ်း လျက်ရှိပြီး ထပ်မံဖော်ပြပေးသွားမည်ဖြစ်ပါသည်။