နောင်ပြုလုပ်မည့်ရွေးကောက်ပွဲများတွင် တိုင်းရင်းသားများ၊ ဒေသများနှင့်နိုင်ငံအနှံ့ လူထုလူတန်းစား အလွှာအသီးသီးကိုကိုယ်စားပြုသူများ ဝင်ရောက်အရွေးချယ်ခံနိုင်ရန်နှင့် နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်ကြောင်းနစကဥက္ကဋ္ဌ ပြောကြား

နောင်ပြုလုပ်မည့် ရွေးကောက်ပွဲများတွင်တိုင်းရင်းသားများ၊ ဒေသများနှင့်နိုင်ငံအနှံ့ လူထုလူတန်းစား အလွှာ အသီးသီးကို ကိုယ်စားပြုသူများ ဝင်ရောက် အရွေးချယ်ခံနိုင်ရန်နှင့်  နိုင်ငံအနှံ့အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ ဒီဇင်ဘာ ၂ ရက်ကကျင်းပ သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၆၄ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနား တွင် တက်ရောက်မိန့်ခွန်းပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ ပြောကြားခြင်း ဖြစ်သည်။ လွတ်လပ်ရေးရရှိစဉ်မှစ၍ ယနေ့အထိ အစိုးရအမျိုးမျိုး၊ စနစ်အမျိုးမျိုးဖြင့် နိုင်ငံတော်ကို ကြိုးစားတည်ဆောက်ခဲ့ကြကြောင်း၊ နိုင်ငံတော်အကျိုးကို ကျရာတာဝန်မှ ကြိုးပမ်းဆောင်ရွက် ခဲ့ကြမှု များသည် သမိုင်းတွင် မှတ်တိုင်အဖြစ်ရှိနေကြကြောင်း၊ ထို့ကြောင့် ၇၅ နှစ်တာကာလအတွင်း နိုင်ငံအကျိုး သယ်ပိုးခဲ့သူများကို ထိုက်တန်စွာ အသိမှတ်ပြု ဂုဏ်ပြုသည့်အနေဖြင့် ဘွဲ့ထူး၊ ဂုဏ်ထူး၊ ဆုတံဆိပ် များကို နိုင်ငံတော်က ချီးမြှင့်ခဲ့ကြောင်း၊ မည်သို့သော သဘောထားကွဲလွဲမှုများဖြစ်ပါစေ နိုင်ငံအကျိုးဖော်ဆောင်ခဲ့ သူများဖြစ်သည်ဆိုသည်ကို ပြောလိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ၇၅ နှစ်တာကာလအတွင်း၌လည်း နိုင်ငံရေးစနစ်အမျိုးမျိုး ကျင့်သုံးခဲ့သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ဖြတ်သန်းခဲ့ရသည့် သမိုင်းအတွေ့အကြုံအရ မိမိတို့နိုင်ငံကို တည်ဆောက်ရာတွင် ပါတီစုံ ဒီမိုကရေစီစနစ် တစ်ခုတည်းနှင့်မပြည့်စုံဘဲ တိုင်းရင်းသားအားလုံး ပေါင်းစည်းနေထိုင်ပြီး အခွင့်အရေး မျှဝေခံစားနိုင်သည့် ပြည်ထောင်စုစနစ် တည်ဆောက်သွားခြင်းသည် မိမိတို့နိုင်ငံအတွက် အသင့်တော်ဆုံး ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့အတူ ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ၎င်းတို့ကို ကိုယ်စားပြုသည့်သူများ ကို ကိုယ်တိုင်ရွေးချယ် သည့် အုပ်ချုပ်ရေးစ နစ်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ဆိုသည်မှာ မတူကွဲပြားနေသည့် တိုင်းဒေသကြီး၊ ပြည် နယ်များတွင် လူမျိုးများ၊ လူမျိုးစုများကို စု စည်းလုပ်ကိုင်ရာမှ လုပ်ပိုင်ခွင့်များကို ခွဲဝေ ကျင့်သုံးသည့် အယူအဆသဘောတရားဖြစ် ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် ဟုဆိုရာတွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများက ရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်တွင် ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများ အတူတကွ ပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အခြေခံဥပဒေအရ ပြဋ္ဌာန်းခွင့်များ ရရှိမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။ မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ တာဝန်ထမ်းဆောင်မှုမျိုးကိုမဆို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြဋ္ဌာန်းထားသည့်ဥပဒေအတိုင်း လေးစားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ် ခိုင်မာရန်အခြေခံသည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှတစ်ဆင့် ရရှိလာသည့်ရလဒ်များအရ လွှတ်တော်အသီးသီးနှင့် အစိုးရ အဖွဲ့တို့ကိုဖွဲ့စည်းတည်ဆောက်ပြီး နိုင်ငံတော်ယန္တရားကို လည်ပတ်ကြရကြောင်း၊ ထို့ကြောင့် နောင်ပြုလုပ် မည့်ရွေးကောက်ပွဲများတွင် တိုင်းရင်းသားများ၊ ဒေသများနှင့် နိုင်ငံအနှံ့ လူထုလူတန်းစားအလွှာအသီးသီး ကို ကိုယ်စားပြုသည့်သူများ ဝင်ရောက်အရွေးချယ်ခံနိုင်ရန်နှင့် နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လိုအပ်သည်ကို ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးလုပ်နေခြင်း မဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်သည့် တိုင်းပြည် တည်ဆောက်ရေးကို ပုံဖော်နေခြင်း ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။ ထို့အပြင် ငြိမ်းချမ်းမှုမရှိသည့်ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ အလှမ်းဝေးနေမည်ဖြစ်သကဲ့သို့ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည်များလည်း နိမ့်ကျနေမည်ပင်ဖြစ်ကြောင်း၊ တိုင်းရင်းသားပေါင်းစုံနှင့် စုစည်းထားသည့် မိမိတို့တပ်မတော်အနေဖြင့် လူမျိုးရေးခွဲခြားမှုဆိုသည်မှာ လုံးဝမရှိဘဲ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းရင်းသားများ၏ လူမှုအကျိုးစီးပွားတိုးတက်မှုကိုသာ အဓိကလိုလားသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တပ်မတော်အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေး မူဝါဒ ခြောက်ရပ်ကိုချမှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်အရင်းခံနှင့် ငြိမ်းချမ်းရေးဆောင်ရွက်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူတို့နှင့်အတူ အားသွန်ခွန်စိုက်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင်လည်း တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဟူသည့် အခြေခံအချက် နှစ်ခုအပေါ်တွင် အခြေခံပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လက်တွေ့ကျကျ တိုးတက်လာ နိုင်စေရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိရာတွင် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး ဒေသနှင့် တိုင်းပြည်အတွက် ပကတိလိုအပ်ချက်များကို ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း၊ ထိုသို့ဆွေးနွေးရာတွင်လည်း ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် ရလဒ်ကောင်း များ ရရှိခဲ့ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။ ယင်းအပြင် နိုင်ငံရေးလုပ်ငန်းစဉ် နှစ်ရပ်ဖြစ်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံပြီး ဆောင်ရွက်သွားမည်ဖြစ်ခြင်းကြောင့် NCA မှာ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း တပ်မတော်အနေဖြင့် တံခါးဖွင့်ပေးထားပြီး ကြိုဆိုလျက်ရှိကြောင်း၊ ထို့ကြောင့် ဒို့တာဝန်အရေးသုံးပါးမူဝါဒကို လေးစားတန်ဖိုးထားပြီး ပေါင်းစည်းညီညွတ်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုဖော်ဆောင်နိုင်ရန်အတွက် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရာတွင် မိမိကျရာ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။