NLD အစိုးရလက်ထက် သတင်းလွတ်လပ်ခွင့် ဆုတ်ယုတ်လာ

လက်ရှိ အန်အယ်လ်ဒီအစိုးရသစ် လက်ထက်မှာ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းရယူခွင့်တွေ ဆုတ်ယုတ်လာတယ်လို့ ပြည်တွင်းက သတင်းသမားတွေက သုံးသပ်ပြောဆိုလိုက်ပါတယ်။ လာမယ့်ဧပြီလဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အာဏာလွှဲပြောင်းရယူတာ ၁ နှစ်ပြည့်ပြီဖြစ်ပြီး စတင်အာဏာလွှဲပြောင်းရယူတုန်းက သတင်းလွတ်လပ်ခွင့်နဲ့ သတင်းရ ယူခွင့်တွေ ပိုမိုရရှိလာမယ်လို့ သတင်းသမားတွေက မျှော်လင့်ခဲ့ကြတာပါ။

ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက်နဲ့ နှိုင်းယှဉ်ရင် လက်ရှိအစိုးရလက်မှာ သတင်းရယူခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တွေဟာ ဆုတ်ယုတ်တဲ့ဘက်ကိုတောင် ရောက်လာတယ်လို့ သတင်းသမားတွေက သုံးသပ်ပြောပါတယ်။

မြန်မာသတင်းပညာသိပံ္ပ သင်တန်းဒါရိုက်တာ ဦးစိန်ဝင်းက “ပိုပြီးတော့ ကောင်းလာလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ဘယ်လိုအကြောင်းကြောင်းတွေကြောင့်လည်း မသိဘူး။ ဒီ Access to Information (သတင်းရ ယူပိုင်ခွင့်) က ပိုပြီးတော့နည်းသွားတယ်။ ဒါအမှန်ပဲ။ ဒီပြန်ကြားရေးတင်မကဘူး။ တခြားတိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ဝန်ကြီးချုပ်တွေနဲ့ပတ်သက်ပြီးတော့ Information ရတယ်ဆိုတဲ့ဟာ၊ ဒီအစိုးရအဖွဲ့တွေနဲ့ ရတယ်ဆိုတာမှာလည်း တော်တော်လေးကို အကန့်အသတ်ဖြစ်တယ်။ ဥပမာ မန္တလေးလိုမျိုး။ အစောပိုင်းမှာတော့ မန္တလေးတိုင်းဝန်ကြီးချုပ်က တော်တော်တက်တက်ကြွကြွပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ သူ့ဟာသူကိုပဲ မီဒီယာတွေကို ရှောင်တာဖြစ်လာတယ်။ အများစုပဲ။ ရန်ကုန်မှာလည်း ဒါမျိုးတွေ ဖြစ်တယ်” လို့ ပြောပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ပြန်ကြားရေးဝန်ကြီးဌာနဟာ သတင်းမီဒီယာတွေနဲ့အပြန်အလှန်ဆက်သွယ်မှု အား ကောင်းခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကလည်း မီဒီယာတွေနဲ့ ချိတ်ဆက်နိုင်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လက်ထက်မှာတော့ အခြေအနေတွေ ပြောင်းပြန်ဖြစ်ကုန်တယ်လို့ သတင်းသမားတစ်ဦးက ဝေဖန်ပါတယ်။

မော်ကွန်းမဂ္ဂဇင်း သတင်းထောက် ကိုကျော်လင်းထွန်းက “ဦးရဲထွဋ်နဲ့ကတော့ တော်တော်လေးကို၊ ဥပမာ ဖေ့စ်ဘွတ် ပေါ်မှာပဲဖြစ်ဖြစ်၊ ဖုန်းဆက်တာပဲဖြစ်ဖြစ် တော်တော်လေးကို ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ယောက်နဲ့ သတင်းမီဒီယာ တွေနဲ့က အချိန်မရွေး ထိတွေ့ဆက်ဆံလို့ ရတယ်ပေါ့နော်။ အခုဟာကတော့ အန်ကယ်ဦးဖေမြင့်ရဲ့ Facebook Official Page တောင်မှ ဘယ်ဟာလဲ ကျနော်တို့ မသိဘူးပေါ့နော်” လို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းမီဒီယာကောင်စီအနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အစည်းအဝေး နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး သတင်းလွတ်လပ်ခွင့် ပိုရလာဖို့ တိုက်တွန်းမှုတွေ ပြုလုပ်နေတယ်လို့တော့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးသီဟစောက ပြောပါတယ်။

“သတင်းရယူခွင့်က ကြည့်လိုက်ရင် ထင်သလောက် လွယ်ကူမလာဘူး။ အဖုအထစ်တွေများတယ်။ အဲဒီ များတာ ဘာကြောင့်လဲဆိုပြီးတော့ ထိပ်တိုက်တွေ့ပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာန ပါတယ်၊ ပြန်ကြားရေးဝန်ကြီးလည်း ပါတယ်။ နောက် ဌာနဆိုင်ရာ ဝန်ကြီးဌာနအကုန်လုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ အကုန်လုံးနီးပါးပါတယ်။ အဲဒါမျိုး နှစ်ကြိမ်လုပ်တဲ့ အခါမှာတော့ နည်းနည်းလေး လမ်းစအဖြေကို တွေ့တယ်ပေါ့နော်။”

သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ ဦးသိန်းစိန်အစိုးရ လက်ထက်က စာပေစိစစ်ရေး ဖျက်သိမ်းလိုက်တာတွေ သတင်း သမားတွေနဲ့ ပြေလည်အောင် ဆက်ဆံခဲ့တာတွေကြောင့် နိုင်ငံတကာအညွှန်းကိန်းတွေမှာ အပေါင်းလက္ခဏာ ဆောင်ခဲ့ ပါတယ်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေးကို အရင်အစိုးရထက် ကောင်းမွန်အောင် မတည်ဆောက်နိုင်ခဲ့တဲ့အတွက် အခုလိုဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။  # DVB