အောင်မြေသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ စုပေါင်းမဟာဘုံကထိန်တရားတော်နာ ရေစက်ချမဂ်လာအခမ်းအနား ကျင်းပ

(၃၀-၁၁-၂၀၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် အောင်မြေသာစံမြို့နယ်၊ညောင်ကွဲရပ်ကွက်ရှိ ရှင်အရဟံသိမ် ကျောင်းတိုက်၌ အောင်မြေသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီနှင့် ရပ်ကွက်များ၊ပါတီဝင်များ၊ အလှူရှင်များ၏ ပဉ္စမ အကြိမ်စုပေါင်းမဟာဘုံကထိန် တရားတော်နာ ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ရှင်အရဟံသိမ် ကျောင်းတိုက်၊ကမ္ဘာအေးကျောင်းဆရာတော် ဘဒ္ဒန္တပါသကအမှုးပြုသော ပင့်သံဃာတော် (၁၅)ပါးကြွရောက် တော်မူပြီး ဧည့်ပရိတ်သတ်များက ဆရာတော်ဘဒ္ဒန္တ ပါသကထံမှငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော် သံဃာတော်များ ရွတ်ပွားတော်မူသည့်ပရိတ်တရားတော်များကိုနာယူကြည်ညိုခဲ့ကြပါသည်။

၎င်းနောက် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများအားလည်းကောင်း၊ ရှင်အရဟံသိမ်ကျောင်းတိုက်၊ ဇောတိရာမကျောင်းဆရာတော်ဘဒ္ဒန္တဇောတိကထံသို့ မတည်အလှူငွေ (၁၅)သိန်းကျပ် အားလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတန်းပေးဝေကာ ဆရာတော် သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့်ရပ်ကွက်များ၊ ပါတီဝင်များ၊ အလှူရှင်များ၏ ပဉ္စမအကြိမ်စုပေါင်း မဟာဘုံကထိန်တွင် လှူဖွယ်ပစ္စည်းနှင့်ငွေသားတန်ဖိုး စုစုပေါင်း (၄၅)သိန်းကျပ်၊ကျောင်းတိုက်ရှိသံဃာတော် (၁၆၅)ပါးဆွမ်းဆက်ကပ်ခြင်းနှင့် ဧည့်ပရိတ်သတ်များထမင်းကျွေးဧည့်ခံခြင်း ကုန်ကျငွေ (၂၅)သိန်းကျပ်၊ စုစုပေါင်း ကျပ်သိန်း(၇၀)လှူဒါန်းခဲ့ပါသည်။ ယနေ့ကျင်းပသည့်အခမ်းအနားသို့တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်စန်း၊ အောင်မြေသာစံခရိုင်ဥက္ကဌ ဦးဘိုသင်းနှင့်ကော်မတီဝင်များ၊ အောင်မြေသာစံမြို့နယ် ဥက္ကဌဦးလှိုင်ဝင်းထွန်းနှင့် ကော်မတီဝင်များ၊ရပ်ကွက်ပါတီဥက္ကဌများနှင့်ကော်မတီဝင်များ၊ပါတီဝင်များ၊အလှူရှင်များတက်ရောက်ခဲ့ကြောင်း သိရှိရသည်။