လျှပ်စစ်ကားတွေကို ရွေ့လျား အားသွင်းပေးနိုင်တဲ့ စက်ရုပ်

လျှပ်စစ်ကား အားသွင်းစက်တွေဟာ နေရာအနှံ့ မရှိသေးတာက လျှပ်စစ်ကား စီးသူတွေအတွက် စိတ်ပျက်စရာ ဖြစ်ပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့အတွက် လော့စ်အင်ဂျလိစ် အခြေစိုက် EV Safe Charge က လျှပ်စစ်ကားတွေ ရှိတဲ့ နေရာကို သွားပြီး အားသွင်းပေးနိုင်တဲ့ Ziggy အမည်ရ အားသွင်း စက်ရုပ်ကို ဖန်တီးလိုက်ပါတယ်။

Ziggy ကို ကားပါကင်တွေမှာ ထားရှိ အသုံးပြုဖို့ ရည်ရွယ်ဖန်တီးထားပါတယ်။ သင့် ကားကို ကားပါကင်မှာ ရပ်ပြီးတာနဲ့ App ကနေ Ziggy ကို ခေါ်နိုင်ပါတယ်။ အဲဒီနောက်မှာ စက်ရုပ်က သင့် လျှပ်စစ်ကားကို အားသွင်းပေးမှာ ဖြစ်ပါတယ်။

စက်ရုပ်ဟာ ရေခဲသေတ္တာ အရွယ်အစား ရှိပြီး ဘီး ၄ ဘီးနဲ့ ဘက်ပေါင်းစုံမှာ ကင်မရာတွေ တပ်ဆင်ထားပါတယ်။ စက်ရုပ်ဟာ Home Base ကနေ အားသွင်းမယ့် ကားရှိရာသို့ အလိုအလျှောက် သွားနိုင်ပါတယ်။ ထိတွေ့မျက်နှာပြင် ၂ ခု ပါပြီး ကားပါကင် မြေပုံ သို့မဟုတ် ကြော်ငြာတွေကို ပြသပေးနိုင်ပါတယ်။

EV Safe Charge ဟာ Ziggy ကို ၂၀၁၉ ခုနှစ်ကတည်းက တီထွင်နေတာ ဖြစ်ပြီး ၂၀၂၃ ခုနှစ် နှောင်းပိုင်း သို့မဟုတ် ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။

Ref : caranddriver /digitaltimes.com.mm