မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများကြောင့် ဂျပန်တွင် အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ရ

မြောက်ကိုရီးယားသည် နိုဝင်ဘာလ ၃ ရက် ကြာသပတေးနေ့တွင် ပဲ့ထိန်းဒုံးကျည် အများအပြားကို ထပ်မံပစ်လွှတ်ခဲ့ပြီး ထိုဒုံးကျည်များထဲမှ တစ်စင်းကြောင့် ဂျပန်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ ဒေသခံများအား အကာအကွယ်ယူရန် အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။

ကနဦးတွင် ဂျပန်အစိုးရက ဒုံးကျည်တစ်စင်း ဂျပန်ကို ဖြတ်ကျော်သွားသည်ဟု သတိပေးခဲ့သော်လည်း ထိုထုတ်ပြန်ချက်မှာ မှားယွင်းကြောင်း ပြန်လည် ပြောကြားခဲ့သည်။

ကြာသပတေးနေ့တွင် ဂျပန်နိုင်ငံ မြောက်ပိုင်းရှိ မီရာဂီ၊ ယာမဂတနှင့် နီးဂတ စီရင်စုနယ်များတွင် နေထိုင်သူများအား အိမ်ထဲနေ၍ အကာအကွယ်ယူကြရန် သတိပေးခဲ့ကြောင်း ဂျေ-သတိပေး အရေးပေါ် အသံလွှင့်စနစ်က ဆိုသည်။

“ဂျပန်ကို ဖြတ်ကျော်လာနိုင်တဲ့ ဒုံးကျည် လွှတ်တင်မှုတစ်ခုကို တွေ့ရှိခဲ့အတွက်ကြောင့် ဂျေသတိပေးစနစ်ကို ထုတ်လွှတ်ခဲ့ပါတယ်၊ ဒါပေမယ့် ပျံသန်းရာ လမ်းကြောင်းကို စစ်ဆေးပြီးတဲ့နောက်မှာ ဂျပန်ကို ဖြတ်ကျော်မသွားဘူးဆိုတာ အတည်ပြုခဲ့ပါတယ်” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး ဟာမာဒါက ပြောသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဂျပန် ဝန်ကြီးချုပ် ကီရှီဒါက မြောက်ကိုရီးယား၏ ထပ်တလဲလဲ ဒုံးကျည် ပစ်လွှတ်မှုများသည် တရားလွန်ဖြစ်ပြီး လုံးဝခွင့်မလွှတ်နိုင်ကြောင်း သတင်းထောက်များအား ပြောခဲ့သည်။

Source:CNA