ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂) အောင်မြင်သည့် ဂုဏ်ပြုပွဲ အထိမ်းအမှတ် ပါတီဝင်အသစ် (၅၁၈)ဦးအား ပါတီဝင်ကဒ်ပေးအပ်ခြင်းအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ တက်ရောက်

နိုဝင်ဘာ ၃၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်လှိုင်တို့ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆောက်လုပ်ဆဲရုံးသစ်၌ ယနေ့နံနက် ၀၉:၀၀ အချိန်မှ ၁၃:၀၀ အချိန်ထိပြုလုပ်သော တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အောင်မြင်သည့် ဂုဏ်ပြုပွဲ အထိမ်းအမှတ်အနေဖြင့် ပါတီဝင်သစ် ၅၁၈ ဦးအား ပါတီဝင်ကဒ် ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို ​ခြင်္သေ့ဟိန်းသံ၊ ဇာတိမာန် သီချင်းတို့အား သီဆို၍ ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌတို့မှ အမှာစကားပြောကြားခြင်း၊ တက်ရောက်လာသော ရပ်မိရပ်ဖများ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီဝင်သစ်များမှ တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပါတီဝင်သစ်တိုးပွားရေး၊ ရွေးကောက်ပွဲအောင်နိုင်ရေး လိုအပ်ချက်များ၊ ပါတီမှပံ့ပိုးပေးရမည့်အချက်များကို အသေးစိတ် ပြောကြား ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားအပြီးတွင် ဂုဏ်ပြုတေးသီချင်းများ တီးခတ်သီဆိုဖျော်ဖြေပေးသော တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုဆုငွေ (၁၀)သိန်းကျပ်အား ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသော ပါတီဝင်ဟောင်းများ၊ ပါတီနှင့် ကင်းကွာနေသူများ၊ ပါတီဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။