စွမ်းဆောင်ရည်မြင့် 200MP ကင်မရာနဲ့ပွဲထွက်လာမယ့် GalaxyS23 Ultra

ဆမ်ဆောင်းကနေ နောက်ထွက်လာမယ့် GalaxyS23 Ultra မှာ တစ်မူထူးခြားတဲ့ စွမ်းဆောင်ရည်မြင့် 200MP နဲ့ အထိုင်ချပွဲထွက်လာမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

သူ့ထက်ဈေးသက်သာတဲ့ Xiaomi 12T Pro လို စမတ်ဖုန်းမျိုးမှာတော့ 200MP ကင်မရာတွေ သုံးလာနေတာကြောင့် ဆမ်ဆောင်းရဲ့ GalaxyS23 Ultra မှာပါဝင်လာမယ့် ကင်မရာက ဘာထူးခြားမလဲ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ ဆမ်ဆောင်းအသုံးပြုမယ့် 200MP ကင်မရာကတော့ တစ်မူထူးခြားပြီး တွက်ချက်မှုဆိုင်ရာ စွမ်းရည်ပိုင်းအပြင် ညဘက် ဓာတ်ပုံ၊ ဗီဒီယိုတွေရိုက်ယူတဲ့အခါ သိသာထင်ရှားတဲ့ စွမ်းဆောင်ရည်နဲ့ ရုပ်ထွက်ကို ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒါဟာ 200MP ကင်မရာတွေထဲမှာ ပြိုင်ဘက်ကင်းဖြစ်ပြီး ဆမ်ဆောင်းကနေ ငါးနှစ်အတွင်းထုတ်ခဲ့သမျှ စွမ်းဆောင်ရည်မြင့် ကင်မရာတွေထဲမှာ အကောင်းဆုံးလို့ဆိုထားပြီး ကင်မရာစွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး GalaxyS23 Ultra ထွက်ပေါ်လာချိန်မှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ထွက်ပေါ်နေတဲ့သတင်းတွေအရ GalaxyS23 Ultra ဟာ ယခင် GalaxyS22 Ultraနဲ့ ဒီဇိုင်းအများစုတူညီမှာဖြစ်ပြီး ဘက်ထရီ 5000mAh ပါဝင်မှာဖြစ်ကာ နိုင်ငံအချို့မှာ ရောင်းချမယ့် စမတ်ဖုန်းအချို့မှာတော့ နောက်လမှာ ကြေညာမယ့် Snapdragon 8 Gen 2 ပါဝင်ဖွယ်ရှိနေပါတယ်။