၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက နောက်ဆုံးဟု ဒီဘရိုင်းဆို

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်တယ်လို့ မန်စီးတီးနဲ့ ဘယ်ဂျီယံကွင်း လယ်လူ ဒီဘရိုင်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဘရိုင်းဟာ ဘယ်ဂျီယံအသင်းကို ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး အခု ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ သူ့ရဲ့ တတိယအကြိမ်မြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို မိသားစုက အုပ်စု အဆင့်ကတည်းက လိုက်ပါအားပေးမှာဖြစ်လို့ သူ့အတွက် အမှတ်တရအရှိဆုံးပြိုင်ပွဲဖြစ်လာမှာလို့လည်း ဆိုပါတယ်။ ဒီဘရိုင်းက သူ့အနေနဲ့ တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စိတ်လှုပ်ရှားမိ ကြောင်းနဲ့ နောက် ၄ နှစ်မှာ ဘာဆက်ဖြစ်မယ်ဆိုတာကို ဘယ်သူမှ အတိအကျမပြောနိုင်လို့ သူ့အတွက်လည်း မသေချာဘူးလို့ ထုတ်ဖော်ပြောသွားခဲ့တာဖြစ်ပါတယ်။