ဂွါဒါလာဂျာရာအိုးပင်းချန်ပီယံဆုကို ပီဂူလာရရှိ

အမေရိကန်တင်းနစ်မယ် ဂျက်ဆီကာပီဂူလာဟာ သူမရဲ့ ကစားသမားဘဝ ပထမဆုံး WTA 1000 ပြိုင်ပွဲ ချန်ပီယံဆုအဖြစ် ဂွါဒါလာဂျာရာအိုးပင်းဆုကိုရယူခဲ့ပါတယ်။ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲမှာ ပီဂူလာနဲ့ ဂရိတင်းနစ်မယ် ဆက်ကာရီတို့ ရင်ဆိုင်ခဲ့ကြတာဖြစ်ပြီး ပီဂူလာက အကောင်းဆုံးလက်စွမ်းနဲ့ ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပွဲကစားချိန် ၁ နာရီနဲ့ ၁၀ မိနစ်သာကြာမြင့်ခဲ့ပြီး နောက် ပီဂူလာက (၆း၂၊၆း၃)ဆိုတဲ့ရလဒ်နဲ့ ဆက်ကာရီကိုအနိုင်ယူပြီး ချန်ပီယံဆုကိုရရှိသွားခဲ့တာ ဖြစ်ပါတယ်။

 နိုင်ပွဲရခဲ့တဲ့အတွက် ပီဂူလာဟာ အခုနှစ်အတွင်းကစားခဲ့တဲ့ WTA ပွဲစဉ်တွေမှာ ၄၁ ပွဲနိုင် ၁၇ ပွဲရှုံး မှတ်တမ်းရရှိထားခဲ့ပြီး အခုနှစ်အတွင်းမှာ ပီဂူလာထက် WTA ပွဲစဉ် နိုင်ပွဲများခဲ့တာဆိုလို့ ကမ္ဘာ့ အဆင့်(၁) ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်နဲ့ ကမ္ဘာ့အဆင့်(၂) တူနီးရှားတင်းနစ်မယ် အွန်ဂျာဘာတို့ပဲ ရှိပါတယ်။

လက်ရှိကမ္ဘာ့အဆင့်(၃)မှာ ရပ်တည်နေတဲ့ ပီဂူလာက အခုပြိုင်ပွဲရဲ့ ပွဲစဉ်တစ်လျှောက်မှာ ဂရင်းစလမ်ချန်ပီယံ ဆုရှင်တွေဖြစ်ကြတဲ့ ရိုင်ဘာကီနာ၊အန်ဒရီယက်စ်ကူ၊ စတီဖန်နဲ့ အဇာရန်ကာတို့ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲအဆင့်ကို တက်ရောက်လာနိုင်ခဲ့တာဖြစ်လို့ သူမအတွက် ထိုက်တန်တဲ့ချန်ပီယံ ဆုလည်းဖြစ်ခဲ့ပါတယ်။