မှတ်တမ်းသစ်ရေးနိုင်သူ ဗာဒီကို နည်းပြရော်ဂျာ ချီးကျူး

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ပရီးမီးယားလိဂ်ရဲ့မှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့တဲ့ တိုက်စစ်မှူးဗာဒီကို ချီးကျူးစကားဆိုခဲ့ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဗာဒီဟာ တနင်္ဂနွေနေ့က ဝူလ်ဗာဟမ်တန်အသင်းကို ၄ ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ လူစားဝင်လာပြီး အဆုံးသတ်အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။

အဲဒီသွင်းဂိုးကြောင့်ပဲ ဗာဒီအနေနဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အသက် ၃၀ ကျော် ကစားသမားတွေထဲ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲအပြီးမှာ နည်းပြရော်ဂျာက ဗာဒီအတွက် ဂုဏ်ယူဝမ်းမြောက်ရသလို တိုက်စစ်မှူးဖြစ်လို့ ဂိုးသွင်းရတာကို ပိုအားသန်ပေမယ့် တစ်ကိုယ်ကောင်းမဆန်ဘဲ အသင်းဖော်တွေအတွက်လည်း ကြိုးစားပေးသူလို့ ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့မတ်လကပဲ အင်္ဂလန်ဂန္ထဝင်ဖြစ်သူ အီယန်ရိုက်ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၉၃ ဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဗာဒီဟာ ကစားသမားဘဝ ကလပ်ပွဲပေါင်း ၄၈၀ အထိ ကစားထားသလို ၂၂၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။