ရီရှီဆူးနက်ခ် ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာမည်

ဘောရစ်ဂျွန်ဆင်က ဝန်ကြီးချုပ်အဖြစ် ပြန်လည်အရွေးခံမည့်ကိစ္စကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ဗြိတိန်ကွန်ဆာဗေးတစ်ပါတီဝင်ရီရှီဆူနက်သည် အောက်တိုဘာ ၂၄ ရက်တွင် ဝန်ကြီးချုပ်ဖြစ်လာရန်ရှိနေပြီး ဗြိတိန်၏လူဖြူမဟုတ်သော ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်သည်။

အောက်တိုဘာ ၂၃ ရက်နှောင်းပိုင်းတွင် ဝန်ကြီးချုပ်ဟောင်းဂျွန်ဆင်၏ မျှော်လင့်မထားသော လုပ်ဆောင်ချက်အပြီး အစောဆုံးအနေဖြင့် အောက်တိုဘာ ၂၄ ရက် နေ့ခင်းပိုင်းလောက်တွင် ဆူနက်သည် ဝန်ကြီးချုပ်အသစ် ဖြစ်လာမည်ဖြစ်သည်။ ဆူနက်သည် အာဏာရကွန်ဆာဗေးတစ်ပါတီကို ဦးဆောင်ရန် ပထမဆုံးကြိုးပမ်းမှု အောင်မြင်မှုမရဖြစ်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အတွင်းတွင် ၎င်းင်းအတွက်ကံကြမ္မာအပြောင်းအလဲ ဖြစ်လာခြင်းဖြစ်သည်။

အောက်တိုဘာ ၂၀ ရက်တွင် ဝန်ကြီးချုပ်လစ်ထရက်စ် နုတ်ထွက်သွားမှုကြောင့် ဖြစ်ပေါ်လာသော ဝန်ကြီးချုပ်သစ် ရွေးချယ်ပွဲတွင် ဝင်ရောက်အရွေးခံသူများအနေဖြင့် အောက်တိုဘာ ၂၄ ရက် ဂရင်းနစ်စံတော်ချိန် မွန်းလွဲ ၂ နာရီ လောက်တွင် ကွန်ဆာဗေးပါတီ၏ အနည်းဆုံးလွှတ်တော်အမတ် ၁၀၀ ၏ထောက်ခံမှုကို ရရှိရန်လိုအပ်သည်။

ဆူနက်က မိမိဝင်ရောက်အရွေးခံမည်ဟု အောက်တိုဘာ ၂၃ ရက်တွင် မကြေညာမီအောက်တိုဘာ ၂၁ ရက်ညတွင် အဆိုပါသတ်မှတ်ချက်ကို ကျော်လွန်ခဲ့ကာ ကွန်ဆာဗေးတစ်လွှတ်တော်အမတ်များထံမှ ထောက်ခံမှု ၁၅၀ နီးပါး ရရှိထားခြင်းဖြစ်သည်။

ဝင်ရောက်အရွေးခံမည်ဟု တရားဝင်ကြေညာခြင်းမပြုမီ ဝန်ကြီးချုပ်ရွေးပွဲမှ ဘောရစ်ဂျွန်ဆင် နုတ်ထွက်မှုကြောင့် ဝင်ရောက်အရွေးခံမည်ဟု အခြားကြေညာထားသူအဖြစ် အစိုးရအဖွဲ့ဝင် ပန်နီမော်ဒေါင့်သာ ကျန်ရှိသည့် အနေအထားဖြစ်လာသည်။

သို့ရာတွင် ပန်နီမော်ဒေါင့်သည် ရုန်းကန်နေရပြီး ဘဝတူလွှတ်တော်အမတ်များထဲမှ ထောက်ခံသူ နှစ်ဒါဇင် လောက်သာ ရရှိထားသည်။

အသက် ၄၉ နှစ်ရှိ ပန်နီဒေါင့်က တောင့်ခံ၍ ထောက်ခံသည့် အမတ် ၁၀၀ ရရှိအောင် စွမ်းဆောင်နိုင်မည်ဆိုပါက ဝန်ကြီးချုပ်ဖြစ်ရေးအတွက် အဆုံးအဖြတ်ကို ယခုသီတင်းပတ်နှောင်းပိုင်းတွင် ကွန်ဆာဗေးတစ်ပါတီဝင် ၁၇၀၀၀၀ ခန့်က အွန်လိုင်းမဲပေးကာ ဆုံးဖြတ်မည်ဖြစ်သည်။

အာဏာရလာခဲ့ပြီးနောက် ပြဿနာများပြည့်နှက်နေသော သီတင်းပတ်ခြောက်ပတ်ခန့်အကြာ အောက်တိုဘာ ၂၀ ရက်တွင် ဝန်ကြီးချုပ်လစ်ထရက်စ်က နုတ်ထွက်ကြောင်း ကြေညာခဲ့ရာ သူသည် ဗြိတိန်သမိုင်းတွင် သက်တမ်းအတိုဆုံးဝန်ကြီးချုပ်ဖြစ်လာသည်။

ကွန်ဆာဗေးတစ်ပါတီက ခေါင်းဆောင်သစ်တစ်ဦးကို အောက်တိုဘာ ၂၈ ရက်တွင် အမြန်ဆုံးရွေးချယ်မည်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့်ဘော်ရစ်ဂျွန်ဆင် ကိုယ်တိုင်ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် နွေရာသီတွင် လစ်ထရက်စ်က ရီရှီဆူနက်ကို အနိုင်ရခဲ့သော အကြိတ်အနယ်ရှိသည့် ပြိုင်ဆိုင်မှုကို ရှောင်လွှဲလိုက်ခြင်းဖြစ်သည်။

အမျိုးသားအကျိုးစီးပွားဖြစ်သည်ဟု ယုံကြည်သောကြောင့် လစ်ထရက်စ်နေရာကို ဆက်ခံမည့်ပြိုင်ပွဲတွင် ဂျွန်ဆင်ပါဝင် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည်ဟု The Times သတင်းစာက ဖော်ပြခဲ့ဖူးသည်။      Ref:AFP