ဥရောပကို အကာကွယ်ပေးနိုင်ရန် စစ်အခြေစိုက်စခန်း ၂ ခု နေတိုး တည်ဆောက်မည်

ရုရှားနဲ့ပဋိပက္ခဖြစ်ပွားခဲ့ရင်  ဥရောပကို အကာအကွယ်ပေးနိုင်ဖို့အတွက်  စစ်အခြေစိုက်စခန်းသစ် ၂ ခု တည်ဆောက်မယ့် အစီအစဉ်ကို နေတိုးမဟာမိတ်အဖွဲ့ဝင်တွေက ထောက်ခံခဲ့ကြ ပါတယ်။

ရုရှားအရေးကိစ္စအပြင်၊ ဥရောပကို ခြိမ်းခြောက်မှုတွေကို အလျင်အမြန်တုံ့ပြန်နိုင်ဖို့  အတ္တလန္တိတ် ထိန်းချုပ်ရေး စင်တာနဲ့ ထောက်ပံ့ပို့ဆောင်ရေး ထိန်းချုပ်စင်တာတို့ကို တည်ဆောက် သွားဖို့ နေတိုးတပ်ဖွဲ့ ကာကွယ်ရေး ဝန်ကြီးတွေက သဘောတူခဲ့ကြပါတယ်။

“ဒီနေ့ ကျနော်တို့ သဘောတူခဲ့ကြတာက နေတိုးထိန်းချုပ်ရေးစင်တာ တည်ဆောက်မှုနဲ့ပတ်သက်ပြီး အစီအစဉ် မူကြမ်းကို သဘောတူခဲ့ကြပါတယ်။ ဒီမူကြမ်းက နောက်ဆက်လုပ်မယ့် ကိစ္စတွေအတွက် အခြေခံဖြစ်လာမှာပါ။ အရေးကြီးတဲ့အချက်တွေကို ပြောရမယ်ဆိုရင် အတ္တလန္တိတ်မှာ အမိန့်ပေးထိန်းချုပ်ရေး စင်တာ ဆောက်ဖို့၊ ဥရောပနဲ့ မြောက်အမေရိကတိုက်အကြားမှာ ပယ်လယ်လမ်းကြောင်းကသွားတဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို လွတ်လပ်၊ လုံခြုံမှုဆက်ရှိနေဖို့ကိစ္စပါ။ ဒီကိစ္စဟာ ကျနော်တို့ရဲ့ ပစိဖိတ်ဖြတ်ကျော် မဟာမိတ်ဖြစ်မှုအတွက် အရေးကြီးပါတယ်။ ဒီကိစ္စက ဥရောပတလွှား စစ်တပ်တွေရဲ့လှုပ်ရှားကို တိုးတက် ကောင်းမွန်စေမှာဖြစ်သလို၊ နေတိုးတပ်ဖွဲ့ ထိန်းချုပ်ရေး အဆောက်အဦတွေအကြား ထောက်ပံ့သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတွေမှာ အားကောင်းလာစေမယ့် နည်းလမ်းတွေဖြစ်ပါတယ်။” လို့ နေတိုး အထွေထွေအတွင်းရေးမှူး ယန်းစတိုး တန်ဘာ့ခ်က ပြောပါတယ်။

နေတိုးတပ်ဖွဲ့ဝင်တွေဟာ ဆိုက်ဘာကာကွယ်ရေးကို အားကောင်းအောင်လုပ်ဖို့ သဘောတူခဲ့ကြပြီး၊ အခု သဘောတူညီချက်အရ ကွန်ပျူတာဟက်ကာတွေကို ပထမဆုံးအနေနဲ့ အလုပ်ခန့်ထားဖွယ်ရှိတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

 (DVB)