ယူကရိန်းမှာ နျူကလီးယားလက်နက် မသုံးဖို့ ရုရှားကို အမေရိကန်သတိပေး

ယူကရိန်းကို နျူးကလီးယားနဲ့ တိုက်ခိုက်မယ်ဆိုရင်တော့ ရုရှား အနေနဲ့ ကြီးမားတဲ့ အကျိးဆက်တွေနဲ့ ရင်ဆိုင်ရ မယ်လို့ အမေရိကန်က သတိပေးထားကြောင်း သမ္မတ Joe Biden ရဲ့ အမျိးသားလုံခြုံရေးဆိုင်ရာ အကြံပေး Jake Sullivan က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ရုရှား သမ္မတ Vladimir Putin က နျူးကလီးယား နဲ့ တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့မယ်ဆိုရင်တော့ အမေရိကန် သမ္မတ Biden ဘက်က ပြတ်ပြတ်သားသား တုံ့ပြန်မယ့် အကြောင်း ရုရှား တာဝန်ရှိသူတွေကို အမေရိကန် တာဝန်ရှိ သူတွေ က သီးသန့် ပြောဆိုထားကြောင်း အမျိးသား လုံခြုံရေး အကြံပေး Sullivan က ABC ရုပ်သံရဲ့ This Week အစီအစဉ်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဘက်ကတော့ ရုရှားနဲ့ အပြန်အလှန် ပြောနေမှာ မဟုတ်ကြောင်းလည်း Sullivan က ပြောပါတယ်။ ရုရှားဘက်က ယူကရိန်းကို နျူးကလီးယား လက်နက်သုံးလာရင် အမေရိကန်ဘက်က ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်တာကြောင့် ရုရှားဘက်က ကောင်းကောင်း နားလည်သဘောပေါက် ကြောင်း အမျိးသား လုံခြုံရေး အကြံပေး Sullivan က NBC ရုပ်သံရဲ့ Meet the Press နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ လည်း သီးခြား ပြောဆိုထားပါတယ်။

၇ လတာ ရှိလာပြီ ဖြစ်တဲ့ ယူကရိန်း ကျူးကျော်စစ်ကို ကူညီ တိုက်ခိုက်ရေး အတွက် ရုရှားက အရန်တပ်ဖွဲ့ဝင် ၃၀၀,၀၀၀ စုဆောင်းရေး ပြောဆိုထားတဲ့ ရုရှား သမ္မတ Putin က နျူးကလီးယားနဲ့ တိုက်ခိုက်ဖို့ ဖြစ်လာနိုင်ခြေကို ပြီးခဲ့တဲ့ သတင်းပတ် အတွင်းမှာ ပြောဆိုခဲ့ပြီးနောက်မှာ အမေရိကန်ရဲ့ တုံ့ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ယူကရိန်း ကျူးကျော်စစ် အစောပိုင်း ကာလတွေ အတွင်း ရုရှားဘက်က သိမ်းခဲ့တဲ့ အရှေ့မြောက်ပိုင်းက နယ်မြေ အများအပြားကို ယူကရိန်းတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်လာခဲ့ပြီးနောက် ရုရှားတို့ တိုက်ပွဲမှာ အရေးနိမ့်လာချိန် မှာဘဲ တပ်ဖွဲ့တွေ အင်အားတိုးရေး ဖြစ်လာတာပါ။