ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုတွေကို ဟာလန်း၊ အာတီတာနဲ့ စိန့်မက်ဆီမင်တို့ ဆွတ်ခူး

သြဂုတ်လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု၊ နည်းပြဆုနဲ့ အကောင်းဆုံးသွင်းဂိုးဆုတွေကို မန်စီးတီးတိုက်စစ်မှူးဟာလန်း၊ အာဆင်နယ်နည်းပြအာတီတာနဲ့ နယူးကာဆယ်တောင်ပံကစားသမား စိန့်မက်ဆီမင်တို့ ဆွတ်ခူးရရှိခဲ့ပါတယ်။ နွေရာသီမှာ ဒေါ့တ်မွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူးဟာလန်းဟာ သူ့ပထမဆုံးလမှာပဲ အသင်းအတွက် ပရီးမီးယားလိဂ်အဖွင့်(၅)ပွဲမှာ (၉)ဂိုး သွင်းယူခဲ့ပါတယ်။ လက်ရှိမှာတော့ ဟာလန်းဟာ ပရီးမီးယားလိဂ်(၇)ပွဲကစားအပြီးမှာ (၁၀)ဂိုးသွင်းယူထားပါတယ်။ ဒါကြောင့် သြဂုတ်လအတွက်ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို ဟာလန်းဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ပြီး ပထမဆုံးကစားတဲ့လမှာပဲ တစ်လတာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့(၁၀)ယောက်မြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်နည်းပြအာတီတာ ကလည်း သြဂုတ်လမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅)ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့ပြီး တစ်လတာအကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးခဲ့တာပါ။ အာဆင်နယ်နည်းပြ အာတီတာဟာ မာကိုဆေးလ်ဗား၊ ဂွါဒီယိုလာ၊ ကွန်တီနဲ့ ဂရေဟမ်ပေါ်တာတို့ကိုကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်တောင်ပံကစားသမားစိန့်မက်ဆီမင်ကတော့ ဝုဗ်နဲ့သရေကျတဲ့ပွဲမှာ အသင်းအတွက်ခြေပဂိုးကို ပွဲပြီးခါနီးဂိုးဧရိယာထိပ်ကနေ မြေမကျကန်သွင်းခဲ့တဲ့ဂိုးနဲ့ သြဂုတ်လအတွက်ပရီးမီးယားလိဂ်အကောင်းဆုံးသွင်းဂိုဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။