ဒဏ်ရာကြောင့် ဆွန်ဟောင်မင် ကမ္ဘာ့ဖလားလွဲချော်ရဖွယ်ရှိနေ

တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ဒဏ်ရာခွဲစိတ်ရမယ့်အနေအထားကြောင့် ကာတာကမ္ဘာ့ ဖလားပွဲမှာ ပါဝင်ဖို့ မသေချာဘူးဖြစ်နေပါတယ်။ အသက် ၃၀ အရွယ် ဆွန်ဟောင်မင်ဟာ အင်္ဂါနေ့က မာဆေးလ် အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ စပါးအသင်းနဲ့အတူ ပါဝင်ကစားရင်း ဘယ်ဘက်မျက်လုံးတစ်ဝိုက်မှာ ဒဏ်ရာရခဲ့တာပါ။

အခြေအနေအရ ခွဲစိတ်ကုသဖို့ လိုအပ်သလို ဆွန်ဟောင်မင် အနားယူရမယ့်ကာလကို အတိအကျမသိနိုင်သေးဘူးလို့ စပါးအသင်းဘက်က သတင်းထုတ်ပြန်ခဲ့တာပါ။ စပါးအသင်းနဲ့အတူ ပရီးမီးယား လိဂ် ၂၄၅ ပွဲအထိ ကစားပြီး ၉၆ ဂိုး သွင်းယူထားနိုင်တဲ့ ဆွန်ဟောင်မင်ဟာ လက်ရွေးစင်အသင်းအတွက်လည်း ၁၀၄ ပွဲ ကစားပြီး ၃၅ ဂိုး သွင်းယူပေးထားတာပါ။

နိုဝင်ဘာ ၂၀ ရက်မှာစတင်ကျင်းပမယ့် ကာတာကမ္ဘာ့ဖလားပွဲမှာ တောင်ကိုရီးယားအသင်းဟာ အုပ်စု H မှာ ပေါ်တူဂီ၊ ဂါနာ၊ ဥရုဂွေးအသင်းတို့နဲ့အတူကျရောက်နေပြီး နိုဝင်ဘာ ၂၄ ရက်မှာ ဥရုဂွေးအသင်းနဲ့ ပထမဆုံးပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။