ဆေးတက္ကသိုလ်ဝင်ခွင့် (၃)ဘာသာရမှတ်အပေါ် မူတည်၍ရွေးမည်

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး သူတွေအတွက် ဆေးတက္ကသိုလ်တွေ နဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ဝင်ခွင့်ကို အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ (၃) ဘာသာရမှတ်ပေါင်း အနည်းအများပေါ် မူတည်ပြီး ပဏာမ ရွေးချယ်သွားမယ်လို့ ကျန်မာရေးဝန်ကြီးဌာနက ဩဂုတ် (၂၈) ရက်မှာ အသိပေး ကြေညာထားပါတယ်။

ပဏာမ ရွေးချယ်ခံထားရသူတွေအနေနဲ့ လူတွေ့နှုတ်မေး စာမေးပွဲကို ဖြေဆိုရမှာ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ခြင်း (ရေးဖြေ) စာမေးပွဲကိုလည်း ဖြေဆိုရမှာ ဖြစ်တယ်လို့ ကြေညာချက်အရ သိရပါတယ်။

(၃) ဘာသာပေါင်း ရမှတ် နဲ့ လူတွေ့နှုတ်မေး စာမေးပွဲ စုစုပေါင်း ရမှတ်အပေါ် မူတည်ပြီး ဆေးတက္ကသိုလ်တွေ နဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ဝင်ခွင့် ရရှိသူတွေကို အပြီးသတ်ရွေးချယ်မှာ ဖြစ်တယ်လို့လည်း ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

လူတွေ့နှုတ်မေး စာမေးပွဲ ဖြေဆိုရမယ့် နေ့ရက် နဲ့ ခုံအမှတ်တွေ ဖြေဆိုရမယ့် နေရာတွေကို စာမေးပွဲ မကျင်းပမီ နိုင်ငံပိုင် သတင်းစာ နဲ့ ရုပ်မြင်သံကြားကနေ ကြိုတင်အသိပေး ကြေညာပေးသွားမယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့် ဆေးတက္ကသိုလ်တွေ နဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် စက်တင်ဘာ (၂) ရက်အထိ လျှောက်ထားနိုင်ပြီး သတ်မှတ်ရက်ကျော်လွန်သူတွေအနေနဲ့ ကမာရွတ်မြို့နယ်၊ သထုံလမ်းက အဆင့်မြင့်ပညာ ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ကိုလည်း ပေးပို့လျှောက်ထားနိုင်တယ်လို့ ကြေညာထားပါတယ်။