ဒူဘိုင်းတွင် မြန်မာအမျိုးသမီး(၈)ဦး ကူညီတောင်းခံမှု ညှိနှိုင်းဆောင်ရွက်နေ

ဒူဘိုင်းနိုင်ငံတွင် ဒုက္ခရောက်နေကြောင်း လှုမှုကွန်ယက်စာမျက်နှာမှတဆင့် သြဂုတ် (၂၅) ရက်တွင် ဗွီဒီယိုဖိုင် ထုတ်လွှင့်အကူအညီတောင်းခံခဲ့သည့် မြန်မာနိုင်ငံသူ (၈) ဦးအား မြန်မာသံရုံး၊ရီရတ်ဒ်မြို့၏ တာဝန်ရှိသူများက ကူညီပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဗွီဒီယိုဖိုင်ထုတ်လွှင့်မှုအား လူမှုကွန်ရက်စာမျက် နှာတွင် Khaing Lay အကောင့်ဖြင့် ထုတ်လွှင့် အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာသံရုံး၊ရီရတ်ဒ်မြို့၏ တာဝန်ရှိသူများက ဒူဘိုင်းမြို့သို့ ဆက်သွယ်စုံစမ်းကာ သြဂုတ် (၂၆)ရက်တွင် ၎င်းတို့အားခေါ်ဆောင်လာသည့် ပွဲစားဆိုသူနှင့်ကာယကံရှင်များကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ညှိနှိုင်းပြီးနောက် မြန်မာနိုင်ငံသူ ၈ ဦး၏ နိုင်ငံကူးလက်မှတ်များအား ပြန်လည်ပေးအပ်၍ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ထွက်ခွာနိုင်ရန် စီစဉ်ဆောင်ရွက်ရန် ညှိနှိုင်းရရှိခဲ့သည်။

ထိုသို့ ဆောင်ရွက်စဉ်အတောတွင်း ပွဲစားဆိုသူနှင့် အမျိုးသမီးများအား လုံခြုံမှုရှိရေး၊မလိုလားအပ်သည့် ပြဿနာများ ထပ်မံမဖြစ်ပွားစေရေးနှင့် လိုအပ်သည်များ စစ်ဆေးမေး မြန်းမှုပြုလုပ်နိုင်ရန်အတွက် ယူအေအီး CID မှ တာဝန်ရှိသူများက သြဂုတ် (၂၇) ရက်နံနက်ပိုင်း၌ ၎င်းတို့နေထိုင်ရာ နေရာများမှ ဒူဘိုင်းမြို့ရှိ CID ဌာနချုပ်သို့ ခေတ္တ ပို့ ဆောင်ထားခဲ့သည်။

၎င်းတို့အား ယူအေအီးနိုင်ငံ၏ ဥပဒေနှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ရဲလုပ်ငန်းစဉ်များအတိုင်း စစ်ဆေး ဆောင်ရွက်ပြီးပါက ဥပဒေချိုးဖေါက်မှုမရှိသူများအား ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာသံရုံးမှလည်း ယူအေအီးနိုင်ငံမှ တာဝန် ရှိသူများအား အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကာ ပြန်လည်လွတ်မြောက်လာသူများ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ထွက်ခွာနိုင်ရန် ဒူဘိုင်းမြို့ရှိ မြန်မာ့လူမှု အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။