ပါကစ္စတန်တွင် မုတ်သုံရာသီ ရေကြီးမှုကြောင့် သေဆုံးသူ တစ်ထောင်ကျော် အထိ ရှိလာ

ပါကစ္စတန်နိုင်ငံတွင် ဇွန်လမှစတင်ခဲ့သော မုတ်သုံရာသီ ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သော လူဦးရေသည် ၁,၀၃၃ အထိရှိလာပြီဖြစ်ကြောင်း နိုင်င်ငံတော် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (NDMA)က သြဂုတ် ၂၈ ရက် တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။နိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြီးခဲ့သော ၂၄ နာရီအတွင်း လူပေါင်း ၁၁၉ ဦး သေဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။

နှစ်စဉ်မုတ်သုံရာသီသည် ကောက်ပဲသီးနှံများ ရေသွင်းစိုက်ပျိုးရန်နှင့် အိန္ဒိယတိုက်ငယ်တစ်ဝန်းရှိ ရေကန်များနှင့် ဆည်များတွင် ရေပြန်လည် ဖြည့်တင်းရန် မရှိမဖြစ်လိုအပ်သော်လည်း ယင်းကဲ့သို့ ကောင်းကျိုးများနှင့်အတူ အသေအပျောက်များနှင့် အပျက်အစီးများကိုပါနှစ်စဉ်နှစ်တိုင်းဖြစ်‌ပေါ်စေသည်။ယခုနှစ် မုတ်သုံရာသီ ရေလွှမ်းမိုးမှုကြောင့် ပါကစ္စတန်တွင် လူပေါင်း ၃၃ သန်း ကျော် ဘေးဒုက္ခရောက်ခဲ့ရပြီး အိမ်ခြေ တစ်သန်းနီးပါး ပျက်စီးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ ရေလွှမ်းမိုးမှုကြောင့် စိုက်ပျိုးထားသော သီးနှံဧက နှစ်သန်းကျော်နှင့် ၃,၄၅၁ ကီလိုမီတာ (၂,၁၄၄ မိုင်) အကွာအဝေးရှိသော လမ်းများ ပျက်စီးခဲ့ရပြီး တံတား ၁၄၉ စင်း မျောပါသွားခဲ့သည်ဟု NDMA ကဆိုသည်။ယခုနှစ်ရေကြီးမှုသည် လူပေါင်း နှစ်ထောင်ကျော် သေဆုံးခဲ့ပြီး နိုင်ငံ၏ ငါးပုံတစ်ပုံနီးပါး ရေလွှမ်းမိုးခြင်း ခံခဲ့ရသော ပါကစ္စတန်၏ စံချိန်တင် အဆိုးရွားဆုံးနှစ်ဖြစ်သည့် ၂၀၁၀ ပြည့်နှစ်နှင့် တူညီပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။။

Source:CNA